အရောင်းမြှင့်တင်ရေး ရုပ်သံကားချပ်မှာ ၉ နာရီနီးပါး အပြာကားတွေ ပြသမိခဲ့လို့ အားကစားပစ္စည်းအရောင်းဆိုင် ပြန်တောင်းပန်

yyl-3-9-014.jpg

နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှာရှိတဲ့ သူတို့ရဲ့ စတိုးဆိုင်အပြင်ဘက်က အရောင်းမြှင့်တင်ရေး ရုပ်သံကားချပ်မှာ ၉ နာရီနီးပါးအထိ အပြာကားတွေကို ပြသမိခဲ့လို့ အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Asics က ပြန်တောင်းပန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက် ၁၀ နာရီအချိန်မှာ ဆိုင်ဖွင့်ဖို့ အလုပ်သမားတွေ ရောက်လာတော့မှ ဒီဖြစ်ရပ်ကို တွေ့မြင်ပြီး ရုပ်သံကားချပ်တွေကို ပိတ်ပစ်ခဲ့တာပါ။

ဟက်ကာတွေက သူတို့ရဲ့ ကွန်ပျူတာစနစ်အတွင်း ချိုးဖောက်ဝင်ရောက်ပြီး မဖွယ်မရာ ရုပ်သံမှတ်တမ်းတွေ ပြသခဲ့တာလို့ ဂျပန်နိုင်ငံအခြေစိုက် Asics က ရှင်းလင်းခဲ့ပါတယ်။ အရောင်းမြှင့်တင်ရေး ရုပ်သံကားချပ်ပေါ်မှာ အပြာကားတွေ ပြနေလို့ တချို့လူတွေက တုန်လှုပ်ချောက်ချားခဲ့ပေမဲ့ တချို့တွေကတော့ ရပ်ကြည့်နေခဲ့ကြတယ်လို့ New Zealand Herald သတင်းစာက ဖော်ပြပါတယ်။

၇ နှစ်အရွယ် သားငယ်နဲ့အတူ လမ်းလျှောက်လာတုန်း ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့တဲ့ အမျိုးသမီးကတော့ မယုံနိုင်အောင်ဖြစ်မိပြီး စော်ကားသလို ခံစားရတယ်လို့ ပြောပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ထပ်မကြုံရစေဖို့ ဆော့ဖ်ဝဲရေးဆွဲသူ၊ အွန်လိုင်းလုံခြုံရေးဝန်ဆောင်ရေးအဖွဲ့တွေနဲ့ တိုင်ပင်နေတယ်လို့ Asics ကုမ္ပဏီက ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top