“Spider-Man: No Way Home” ရုပ်ရှင်ကားမကြည့်ခင် သိထားသင့်တဲ့အရာများ

17.12.2021yyl10.jpg

Marvel ချစ်ပရိသတ်တွေ Spider-Man: No Way Home ဇာတ်ကားကြည့်ချင်နေကြပြီလား။ တွမ်ဟော်လန် (Tom Holland) သရုပ်ဆောင်ထားတဲ့ ပင့်ကူလူသားဟာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ရုပ်ရှင်ရုံပိတ်ကားထက်ကို ပြန်လည်ရောက်ရှိလာပါပြီ။ “No Way Home” က ၂၀၁၇ခုနှစ်ရဲ့ “Homcoming” နဲ့ ၂၀၁၉ခုနှစ်ရဲ့ “Far From Home” ဇာတ်ကားတွေပြီးနောက် ဒါရိုက်တာ ဂျွန် ဝက်တ်စ် (Jon Watts) ရိုက်ကူးထားတဲ့ တတိယမြောက် Spider-Man ဇာတ်ကားဖြစ်ပါတယ်။ တွမ် ဟော်လန်ကို ပင့်ကူလူသားအဖြစ် ၂၀၁၆ခုနှစ်ရဲ့ “Captain America:Civil War” မှာ ပထမဆုံး မိတ်ဆက်ပေးထားသလို Avengers ဇာတ်ကား (၂) ကားဖြစ်တဲ့ ၂၀၁၈ခုနှစ်ရဲ့ “Infinity War” နဲ့ ၂၀၁၉ခုနှစ်ရဲ့ “Endgame” တို့မှာလည်း ပါဝင်ခဲ့ပါတယ်။

ကမ္ဘာကြီးက ပီတာ ပါကာဟာ ပင့်ကူလူသားဆိုတာ သိရှိသွားပြီးတဲ့နောက် Doctor Strange (ဘန်နီဒစ် ကမ်ဘာဘတ်ချ် (Benedict Cumberbatch)) ကို သူ့ရဲ့မှော်ပညာကို သုံးပြီး စူပါဟီးရိုးသရုပ်မှန်ကို လူတိုင်းမေ့သွားစေချင်ခဲ့တယ်။ ဒါပေမဲ့ မန္တန်က လွဲမှားပြီး multiverse ကို ခွဲထွက်လာစေခဲ့ပြီး ဟိုအရင် Spider-Man ဇာတ်ကားတွေထဲက ဗီလိန်တွေကို ပီတာရဲ့စကြာဝဠာထဲ ရောက်ရှိလာစေခဲ့ပါတယ်။

ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက ဘယ်သူတွေလဲ

တွမ် ဟော်လန်ကတော့ သေချာပေါက် ပီတာ ပါကာ (ပင့်ကူလူသား) ဇာတ်ကောင်ပါပဲ။ ဇန်ဒါယာ(Zendaya) က ပီတာရဲ့ကောင်မလေး အန်ဂျေ အဖြစ်၊ ဂျာကော့ဘ် ဘီတာလွန် (Jacob Batalon)က သူ့ရဲ့အကောင်းဆုံးသူငယ်ချင်း နက်ဒ်အဖြစ်၊ မာရီဆာ တိုမိုင် (Marisa Tomei) က အန်တီမေအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဘန်နီဒစ် ကမ်ဘာဘတ်ချ် (Benedict Cumberbatch) က Doctor Strange အဖြစ် ပါဝင်လာပြီး ဘန်နဒစ်ဝေါင် (Benedict Wong) က ‌ဝေါင် အဖြစ်၊ ဂျွန် ဖာရိုး (Jon Favreau) က ဟာရိုဒ် ဟက်ပီး ဟိုဂန်အဖြစ်လည်း ပါဝင်လာပါတယ်။

ဇာတ်ကားနမူနာအရ အရင် Spider-Man ဇာတ်ကားတွေထဲက ဗီလိန် တွေဖြစ်တဲ့ Norman Osborn/ Green Goblin အဖြစ် ဝီလျံဒါဖိုး( Willem Dafoe)၊ Otto Octavius/Doctor Octopus အဖြစ် အဲလ်ဖရက် မိုလီနာ (Alfred Molina) နဲ့ Max Dillon/Electro အဖြစ် ဂျေမီဖောက်စ် (Jamie Foxx)တို့ ပါလာတာတွေ့ရပါတယ်။ No Way Home မထွက်ရှိခင်က Sam Raimi’s Trilogy က တိုဘီမက်ဂွိုင်းယား (Tobey Maguire) နဲ့ The Amazing Spider-Man က အန်ဒရူးဂါဖီးဒ် (Andrew Garfield) တို့ ပီကာ ပါကာ/ ပင့်ကူလူသားတွေအဖြစ် ပြန်ပါလာမယ်လို့ ကောလဟာလထွက်ရှိလာခဲ့ပါသေးတယ်။

ဒီဇာတ်ကားက MCU timeline ထဲ ဘယ်နေရာမှာ အံဝင်ခွင်ကျဖြစ်မလဲ

“No Way Home” က “Far From Home” ရဲ့ဖြစ်ရပ်တွေအပြီးမှာ ထွက်ပေါ်လာပြီး အခုနှစ်အစောပိုင်းက Marvel TV ပရောဂျက်တွေဖြစ်တဲ့ “WandaVision” နဲ့ “Loki” မှာ multiverse ဇာတ်ကွက်ကို ဆက်လက်ဖော်ပြခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်းဖြစ်တာကတော့ ဒီဇာတ်ကားမှာ Doctor Strange ပါဝင်လာမှုနဲ့ MCU မှာ တစ်နေရာတည်းစုစည်းနေတဲ့ multiverse ကို ရုပ်ရှင်ချစ်ပရိသတ်တွေ တွေ့မိခဲ့ဖူးတဲ့အချက်ပါပဲ။ အဲဒါတွေက နောက်လာမယ့် Marvel ဇာတ်ကား “Doctor Strange in the Muliverse of Madness” ကို ဉီးတည်နေပါလိမ့်မယ်။

MCU ကနေ နောက်ထပ် ဘာဇာတ်ကားတွေလာမလဲ

“Spider-Man: No Way Home” က အခုနှစ်ရဲ့နောက်ဆုံး MCU ဇာတ်ကားပါပဲ။ ဒါပေမဲ့ ပရိသတ်တွေက နောက်နှစ်ကျရင် MCU ကနေ ဘယ်ဇာတ်ကားတွေ ထွက်ရှိလာမလဲဆိုတာကို သိရဖို့ စိတ်လှုပ်ရှားနေကြပါတယ်။ ၂၀၂၂ခုနှစ်အတွက် လျာထားတဲ့ Marvel ဇာတ်ကား (၃) ကားရှိပါတယ်။ မေလ ၆ ရက်နေ့မှာ “”Doctor Strange in the Multiverse of Madness”၊ ဇူလိုင်လ ၈ ရက်နေ့မှာ “Thor: Love and Thunder” နဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ “Black Panther: Wakanda Forever”တို့ပါ။”The Marvels” လို့ ခေါ်တဲ့ Captain Marvel ဇာတ်ကားအသစ်နဲ့ Guardians of the Galaxy၊ Ant-Man နဲ့ Blade and the Fantastic Four ဇာတ်ကားတွေ ထွက်ရှိဖို့လည်းရှိပါတယ်။


Ref: ABCNews “‘Spider-Man: No Way Home’ swings into theaters: Everything you need to know”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top