မျိုးဆက်သစ်လူငယ်တွေကို ဆေးလိပ်ရောင်းချမှုပိတ်ပင်မယ့် နယူးဇီလန်

10.12.2021yyl1.jpg

နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားမှုအဖြစ် မျိုးဆက်သစ်လူငယ်တွေကို ဆေးလိပ်ရောင်းချမှု ပိတ်ပင်တော့မှာပါ။ လာမယ့်နှစ်မှာ အတည်ပြုပြဋ္ဌာန်းဖွယ်ရှိတဲ့ ဥပဒေအရ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့လူငယ်တွေကို စီးကရက်နဲ့ ဆေးရွက်ကြီး ထွက်ကုန်ပစ္စည်းတွေ ဘဝတစ်လျှောက်လုံး ဝယ်ယူခွင့်ပေးမှာ မဟုတ်ပါဘူး။

” လူငယ်တွေကို ဆေးလိပ်လုံးဝ မသောက်တတ်အောင် လုပ်ချင်ပါတယ်” လို့ နယူးဇီလန်ကျန်းမာရေးဝန်ကြီး ဒေါက်တာအေရှာဗာအောက ပြောပါတယ်။ နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ( ဒီဇင်ဘာလ ၉ ရက်) ကြေညာလိုက်တဲ့ ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် အခုလို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ ကမ္ဘာ့ရှေ့ဆောင်လမ်းပြ ပြုပြင်ပြောင်းလဲမှုတွေကို ဆရာဝန်တွေနဲ့ တခြားကျန်းမာရေးပညာရှင်တွေက ကြိုဆိုခဲ့ကြပါတယ်။ အဲဒီပြုပြင်ပြောင်းလဲမှုတွေထဲမှာ ဆေးရွက်ကြီး ဝယ်ယူနိုင်ခွင့် လျှော့ချပြီး စီးကရက်ထဲမှာ နီကိုတင်းပမာဏ ကန့်သတ်လျှော့ချမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အခုလို ပိတ်ပင်တားဆီးမှုတွေကြောင့် ဆေးရွက်ကြီး မှောင်ခိုဈေးကွက် ဖြစ်လာနိုင်တယ်လို့ တခြားသူတွေက သတိပေးထားပါတယ်။ နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနကလည်း အဲဒီအချက်ကို ဝန်ခံထားပြီး နယ်စပ်ထိန်းချုပ်မှုတွေကို စည်းကြပ်နိုင်ဖို့ အကောက်ခွန်ဌာနအနေနဲ့ ရင်းမြစ် ပိုလိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။

နယူးဇီလန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ တစ်နိုင်ငံလုံးအဆင့် ဆေးလိပ်သောက်မှု ၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ရည်မှန်းထားပြီး ဆေးလိပ်လုံးဝကင်းစင်သွားအောင်လည်း မျှော်မှန်း လုပ်ဆောင်နေပါတယ်။

လက်ရှိအချိန်အထိ နယူးဇီလန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူရဲ့ ၁၃ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြပြီး မော်ရီတိုင်းရင်းသားမျိုးနွယ်စုထဲမှာ ဆေးလိပ်သောက်သူ ပိုများ ( သုံးပုံ၊ တစ်ပုံနီးပါးအထိရှိ)နေတာ တွေ့ရပါတယ်။ မော်ရီမျိုးနွယ်စုဟာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းလည်း ပိုများကြပါတယ်။

ကင်ဆာဖြစ်ပွားမှု ၄ ခုမှာ ၁ ခုက ဆေးလိပ်ကြောင့်ဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်လျက် သေဆုံးရတဲ့ အဓိကအကြောင်းရင်းဖြစ်နေဆဲပဲလို့ နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

Ref: BBC “New Zealand to ban cigarettes for future generations”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top