ရုရှားက ယူကရိန်းကို ကျူးကျော်ရင် ဥရောပတိုက်တစ်ခုလုံး ပဋိပက္ခထဲ ပါဝင်လာနိုင်

10.12.2021yyl2.jpg

ရုရှားက ယူကရိန်းကို ကျူးကျော်ရင် ဥရောပတိုက်တစ်ခုလုံး ပဋိပက္ခထဲမှာ ပါလာကြလိမ့်မယ်လို့ အနောက်အုပ်စု ထောက်လှမ်းရေးအရာရှိတစ်ယောက်က သတိပေးခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်ရင် စီးပွားရေးရိုက်ခတ်မှု ဆိုးဆိုးရွားရွား ကြုံရလိမ့်မယ်လို့ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက သတိပေးထားပေမဲ့ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့အင်အား တဖြည်းဖြည်း တိုးပွားနေတုန်းပါပဲ။

” ရုရှားက တစ်ခုခု စလိုက်ပြီဆိုတာနဲ့ နေတိုးအဖွဲ့ဝင်တွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်ပါလိမ့်မယ်။ စစ်ပွဲက တစ်နိုင်ငံတည်းမှာ ပြီးသွားလိမ့်မယ်လို့ ထင်နေရင်တော့ ရူးရာ ရောက်ပါတယ်”လို့ အမည်မဖော်လိုတဲ့ အနောက်အုပ်စုအရာရှိက ပြောပါတယ်။

ယူကရိန်းနယ်စပ်နားမှာ စခန်းချနေတဲ့ ရုရှားတပ်ဖွဲ့ဝင် ၁ သိန်းလောက် ရှိနေတယ်လို့ အနောက်အုပ်စုထောက်လှမ်းရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ စစ်သည်အင်အား များသလို တင့်ကားတွေ၊ အမြောက်တွေလည်း ရှိနေပြီး ဇန်နဝါရီလအကုန်မှာ စစ်သည် ၁၇၅,၀၀၀ အထိ များလာနိုင်တယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပါတယ်။

တကယ်လို့ ရုရှားကသာ ယူကရိန်းကို တိုက်မယ်ဆိုရင် အခုလက်ရှိ တိုက်နိုင်တဲ့ အခြေအနေရှိပြီလို့ အနောက်အုပ်စု ကာကွယ်ရေးအရာရှိတစ်ယောက်က ပြောပါတယ်။ ဒါပေမဲ့ အပြည့်အဝ ထောက်ပံ့ပို့ဆောင်မှု၊ လက်နက်ခဲယမ်း ပမာဏ၊ ဆေးရုံတွေ၊ သွေးလှူဘဏ်တွေ တည်ဆောက်ဖို့ အစရှိတဲ့ အဓိကအစိတ်အပိုင်းတွေ လိုအပ်နေသေးတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နဲ့ နေတိုးအဖွဲ့က ပဋိပက္ခ မဖြစ်စေဖို့ ရုရှားနဲ့ စေ့စပ်ညှိနှိုင်းချင်ပြီး ရုရှားဘက်ကလည်း ညှိနှိုင်းဆွေးနွေးမှု ဆက်လုပ်ချင်နေပါတယ်။ ဒါပေမဲ့ ရုရှားရဲ့တောင်းဆိုမှုနဲ့ စည်းမကျော်ရဘူးဆိုတဲ့ သတ်မှတ်ချက်တွေဟာ သံတမန်ရေးအတွက် အကျပ်ရိုက်စေပါတယ်။

ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ထဲ ဘယ်တော့မှ ဝင်ခွင့်မပေးဖို့၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းနိုင်ငံမှာ အမြဲတမ်း တပ်စွဲတာ၊ အခြေခံအဆောက်အအုံ တည်ဆောက်တာမျိုး မလုပ်ဖို့၊ ရုရှားနယ်စပ်မှာ စစ်ရေးလေ့ကျင့်တာတွေကို ရပ်တန့်ဖို့ ရုရှားနိုင်ငံက တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာပိုင် ယူကရိန်းနိုင်ငံက အဲဒီကိစ္စတွေကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်၊ ယူကရိန်းရဲ့အနာဂတ်ကို ရုရှားလက်ထဲ မအပ်နိုင်ဘူးလို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက တုံ့ပြန်ထားပါတယ်။

Ref: BBC “How a Russian invasion of Ukraine could spill over into Europe”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top