Uber အငှားယာဉ်လိုင်း မှာ အချိန်ပိုင်းလုပ်ကိုင်နေတဲ့ ဒါဗန့် ဝီလျံ (DaVante Williams) ဆိုတဲ့ အမျိုးသားဟာ နှင်းမုန်တိုင်းကြောင့် အချိန်အကြာကြီး ကားလမ်းပိတ်တဲ့အချိန် သူ့ခရီးသည်ရဲ့ဘေးကင်းလုံခြုံမှုကို အလေးထားကာ အိမ်ကို ဘေးကင်းစွာ ပို့ဆောင်ပေးပြီးတဲ့နောက် အလုပ်သစ် ကမ်းလှမ်းခံခဲ့ရပါတယ်။ သူ့ရဲ့တက္ကစီကလည်း ပြင်းထန်တဲ့ နှင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံရဲ့ Interstate 95 (I-95) ကားလမ်းမကြီးမှာ ကားပေါင်းမြောက်များစွာနဲ့အတူ ကားလမ်းပိတ်မိနေခဲ့ခဲ့တာပါ။ သူ့ရဲ့အငှားယာဉ်ပေါ်မှာ ဆယ်ကျော်သက်ကောင်မလေးကို တင်ဆောင်လာခဲ့တာပါ။ ကားလမ်းပိတ်မိနေတဲ့ အချိန် (၅) နာရီကျော်အတွင်း သူ့ရဲ့ခရီးသည်ကို မိဘတွေဆီ ဘေးကင်းလုံခြုံစွာ ပို့ဆောင်နိုင်ဖို့အရေးကိုပဲ အာရုံစိုက်နေခဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က နှင်းမုန်တိုင်းကြောင့် မိုင် ၅၀ လောက်ရှည်တဲ့ ကားတန်းအရှည်ကြီးဖြစ်စေခဲ့လိမ့်မယ်လို့ ဒါဗန့် မထင်ခဲ့မိဘူးလို့ ဆိုပါတယ်။ တချို့ကားတွေဆိုရင် (၂၄) နာရီကျော် ကားလမ်းပိတ်မိနေခဲ့ပါတယ်။ဒါဗန့်က ဆယ်ကျော်သက်ကောင်မလေးကို အင်္ဂါနေ့ မနက် ၂ နာရီလောက်မှာ Union Station ကို သွားခေါ်ပေးခဲ့ရတာပါ။ ဆယ်ကျော်သက်က ဒါဗန့်ရဲ့ကားကို မငှားခင်က ရထားနဲ သွားမလို့ပါပဲ။ ဒါပေမဲ့ ရာသီဉတုအခြေအနေကြောင့် ရထားမထွက်ဖြစ်ခဲ့ပါဘူး။ ဆယ်ကျော်သက်ကောင်မလေးကို ဝါရှင်တန် ဒီစီကနေ ဝီလျံဘာ့ဂျ်မြို့ဆီ ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။
ဒါဗန့်ဟာ ဆယ်ကျော်သက်ခရီးသည်ကို တင်ဆောင်ပြီး မိုင် (၂၀) လောက် ရောက်တဲ့အချိန်မှာ ကားလမ်းပြဿနာဖြစ်နေတယ်ဆိုတာ သိလိုက်ရတာပါ။ အဲဒီအချိန် ကားပြန်လှည့်ဖို့ ကြိုးစားခဲ့ပေမဲ့ အခြားလမ်းတွေက သစ်ပင်တွေလဲကျပြီး ဓာတ်အားလိုင်းတွေပျက်ကျနေလို့ ပိတ်ထားတာကြောင့် ရဲတွေက Interstate လမ်းကိုပဲ မောင်းဖို့ ညွှန်ပြခဲ့ပါတယ်။
သူ့ရဲ့ကားပေါ်မှာ အကြာကြီးနေနေရတဲ့ သူ့ရဲ့ခရီးသည်ကို အလေးထားပြီး သူ့ကားပေါ် ပါလာတဲ့ အချိုရည်နဲ့ အဆာပြေမုန့်တွေကိုလည်း ကျွေးခဲ့ပါတယ်။ ဆယ်ကျော်သက်ကောင်မလေးကလည်း သူ အဆင်ပြေတယ်လို့ ဒါဗန့်ကို ပြောနေပေမဲ့ သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်နေတာကို ဒါဗန့်ကြားခဲ့ရပါတယ်။ ကားမောင်းရင်း လေပူကို ဖွင့်ထားရတဲ့အတွက် ဂတ်စ်ကုန်သွားမှာလည်း ဒါဗန့်စိုးရိမ်နေရပါတယ်။ သူ့ကားပေါ်မှာ ချမ်းရင် ခြုံဖို့ စောင်တစ်ထည်မှလည်းမရှိတဲ့အတွက်ကြောင့်ပါ။
နောက်ဆုံးမှာတော့ အလုပ်ကားတွေနဲ့ တချို့ကားတွေနောက်ကို လိုက်နိုင်ခဲ့ပြီး I-95 ကနေ ပြန်လှည့်ပြီး ဝါရှင်တန် ဒီစီကို ပြန်သွားခဲ့ပါတယ်။ ဒါဗန့်က ဆယ်ကျော်သက်ကောင်မလေးကို Union Station မှာ တစ်ယောက်တည်း မထားခဲ့ချင်တာကြောင့် သူ့ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ဟိုတယ်အခန်းတစ်ခန်းငှားပေးမယ်ဆိုတာကို ဆယ်ကျော်သက်ကောင်မလေးရဲ့မိဘတွေဆီ ဖုန်းနဲ့ ခွင့်တောင်းခဲ့ပါတယ်။ ဒါမှ ဆယ်ကျော်သက်ကောင်မလေး ကောင်းကောင်းအနားယူနိုင်ပြီး ဘေးကင်းမှာဖြစ်ပါတယ်။ အစကတော့ ဆယ်ကျော်သက်ရဲ့မိဘတွေက ခွင့်ပြုဖို့ မဝံရဲဖြစ်ခဲ့ပေမဲ့ ဒါက အကောင်းဆုံးအကြံဖြစ်တဲ့အတွက် သဘောတူခဲ့ပါတယ်။
အင်္ဂါနေ့ မနက် ၈ နာရီမှာ ဒါဗန့်က ဆယ်ကျော်သက်အတွက် ဟိုတယ်ကို ပြန်အပ်ပေးခဲ့ပြီး လမ်းတွေရှင်းသွားတဲ့အခါမှာ ဝီလျံဘာ့ဂျ်မြို့ဆီ ကားငှားခမယူဘဲ လိုက်ပို့ပေးခဲ့ပါတယ်။ဆယ်ကျော်သက်ရဲ့မိသားစုတစ်ယောက်ကို သူ့ကို လာခေါ်သွားနိုင်ခဲ့ပါတယ်။ ည ၈ ခွဲလောက်မှာ ဆယ်ကျော်သက်လေးက ဒါဗန့်ဆီ သူ ဘေးကင်းစွာ ရောက်ရှိတယ်ဆိုတဲ့အကြောင်း ဖုန်းနဲ့ စာပို့ခဲ့သလို အရာအားလုံးအတွက် ကျေးဇူးတင်စကားလည်း ဆိုခဲ့ပါတယ်။ သူ့ရဲ့မိဘတွေကလည်း ကျေးဇူးတင်ခဲ့ပါတယ်။
Uber ကုမ္ပဏီက ဟိုတယ်အခန်းအတွက် ကုန်ကျစရိတ်ကို ဒါဗန့်ဆီ ပြန်ထုတ်ပေးခဲ့ပြီး သူ့ရဲ့ခရီးသည်အတွက် အများကြီးကူညီလုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့ပါတယ်။ “ဒီလိုစိတ်ပျက်စရာကောင်းတဲ့အခြေအနေမှာ မစ္စတာ ဝီလျံက ခရီးသည်ကို ကူညီပေးနိုင်တာ အတိုင်းအထက်လွန်သွားပါပြီ။ သူ့ရဲ့လုပ်ရက်အတွက် ကျေးဇူးတင်ပါတယ်။ ဟီးရိုးအားလုံး အပေါ်ဝတ်ရုံရှည်ဝတ်ထားကြတာမဟုတ်ပါဘူး” လို့ ကုမ္ပဏီက ပြောပါတယ်။
ဒါဗန့်က ကားခအတွက် ဒေါ်လာ ၁၀၇ ရခဲ့ပေမဲ့ သူ့ရဲ့ခရီးသည်အပေါ် ဝန်ဆောင်မှု ကောင်းတဲ့အတွက် အခွင့်အလမ်းအသစ်တစ်ခုကို ရရှိသွားခဲ့ပါတယ်။ Alto အငှားယာဉ်ကုမ္ပဏီက ဒါဗန့်ကို ယာဉ်မောင်းခေါင်းဆောင်အဖြစ် အချိန်အပိုင်းအလုပ်ကမ်းလှမ်းခဲ့ပါတယ်။ အခြားကားသမားတွေကို ခရီးသည်အပေါ် ဝန်ဆောင်မှု ဘယ်လိုပေးရမလဲဆိုတာကို လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပြီး သူတို့ရဲ့ယာဉ်တွေကိုလည်း ထိန်းသိမ်းပေးရမှာဖြစ်တယ်လို့ ဒါဗန့်က ဆိုပါတယ်။ ဒါဗန့်က အိမ်ခြံမြေမန်နေဂျာအဖြစ် အချိန်ပြည့်အလုပ်လုပ်ကိုင်နေတဲ့အတွက် Alto ကုမ္ပဏီက ကမ်းလှမ်းချက်အသေးစိတ်ကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref: CNN “Uber driver who got a hotel room for teen passenger after being stuck on I-95 gets offered a new job”
WL (ရိုးရာလေး)