ဖျားနာကုဆေးခန်းမဖွင့်ဘဲ ဖျားနာလူနာတွေကို ကုသပေးခဲ့တဲ့ တရုတ်ဆရာဝန်တစ်ဦး စွဲချက်တင်ခံရ

11-2-2022-yyl5.jpg

ဆေးရုံမှာ အလုပ်လုပ်နေတုန်း ဖျားနာကုဆေးခန်းမဖွင့်ဘဲ ဖျားနာလူနာတွေကို ကုသပေးခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် တရုတ်နိုင်ငံ ကျိုးကူမြို့မှာ ဆရာဝန်တစ်ယောက်ကို စွဲချက်တင်ခဲ့ပါတယ်။တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ (ဖြစ်နိုင်ခြေရှိတဲ့ ) လက္ခဏာရှိသူ လူနာတွေဟာ အထူးဖွင့်လှစ်ထားတဲ့ ဆေးရုံတွေမှာပဲ ကုသခွင့်ရှိပါတယ်။ ကွာလို့ မျိုးရိုးအမည်ရတဲ့ ဆရာဝန်ဟာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို နှောင့်ယှက်တယ်လို့ သံသယရှိမှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ အမြစ်ပြတ်ရေးအတွက် တင်းကျပ်တဲ့ ဗျူဟာ ချမှတ်ထားပြီး ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဖော်ဆောင်နေပါတယ်။ ကွာဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်ကနေ နိုဝင်ဘာလ ၂ ရက်အထိ ကျိုးကူမြို့ ဆေးရုံမှာ လူနာတွေကို ကုသပေးခဲ့တယ်လို့ ဟီနန်ပြည်နယ် အာဏာပိုင်တွေရဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။

ကွာက ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဆေးရုံဟာ ဖျားနာကုဆေးခန်း ဖွင့်လှစ်ထားခြင်း မရှိပါဘူး။ တရုတ်နိုင်ငံမှာ ဆရာဝန်တွေအနေနဲ့ ဖျားနာကုဆေးခန်း ဖွင့်လှစ်ထားခြင်းမရှိတဲ့ ဆေးရုံတွေမှာ ကိုဗစ်-၁၉ နဲ့ အလားသဏ္ဍာန်တူ ရောဂါလက္ခဏာခံစားနေရသူ လူနာတွေကို ကုသခွင့်မရှိပါဘူး။

နောက်ထပ်ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် အဲဒီလို လူနာတွေကို ဖျားနာကုဆေးခန်းတွေဆီ စေလွှတ်ရပါတယ်။ ဖျားနာကုဆေးခန်းတွေဟာ ၂၀၀၂ ခုနှစ်က SARS ရောဂါကို တိုက်ဖျက်ဖို့အတွက် စတင်တည်ထောင်ထားခဲ့တာပါ။

ဖျားနာလူနာတွေ ကုသပေးနေတယ်ဆိုတဲ့ ဖြစ်ရပ်ကို ဘယ်လို ဖော်ထုတ်နိုင်ခဲ့တာလဲဆိုတာနဲ့ ဆရာဝန်ကွာက ဖျားနာလူနာတွေကို သူ့ဆေးရုံမှာ ကုသပေးဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဆရာဝန် ကွာအနေနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခံရရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ တစ်ကျော့ပြန် ပြန်ပေါ်လာတဲ့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ ကြုံတွေ့နေပြီး ရှီအန်းနဲ့ ယုကျိုးမြို့တွေမှာ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံထားရလို့ မြို့ ၂ မြို့လုံးကို ပိတ်ဆို့ထားပါတယ်။

လူသန်းချီ ခရီးသွားလာလေ့ရှိတဲ့ တရုတ်နှစ်သစ်ကူးကာလမတိုင်ခင် အိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက အကြံပြုထားပါတယ်။ ဘေဂျင်းမြို့ဟာ ဖေဖော်ဝါရီလအစမှာလည်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ ရှိနေပြီး ကိုဗစ်-၁၉ ကင်းစင်ပပျောက်ရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ သံသယရှိမှုတွေ ကြုံတွေ့နေပါတယ်။

Ref: BBC “China: Doctor charged for treating fever patient”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top