ဆံပင်ကျွတ်ခြင်းကို ကာကွယ်တားဆီးပေးမယ့် အစားအစာများ

gay-man-worried-for-hair-loss-alopecia-in-home-FUEX5MP.jpg

မိန်းကလေးအများစုဟာ ဆံပင်ကျွတ်ခြင်း၊ ဆံသားပျက်စီးဆုံးရှုံးရခြင်းများကို အမြဲတမ်း ရင်ဆိုင်ခံစားရလေ့ရှိပါတယ်။ ဒါဟာကိုယ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဆံသားအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ မပါဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆံသားကို အာဟာရပေးနိုင်တဲ့ အစားအစာများကို စားသုံးပေးခြင်းဟာလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုအစားအစာလေးများဟာ ဆံသားအတွက် အာဟာရဖြစ်စေတယ် ဆံသားကျန်းမာရေးအတွက် ကောင်းမွန်စေတယ် ဆိုတာ သိရှိစားသုံးနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အစိမ်းရောင် ဟင်းရွက်များ

ကန်စွန်းရွက်၊ ဆလပ်ရွက်တို့လို အစိမ်းရောင်အရွက်ရှိတဲ့ ဟင်းရွက်တွေမှာ ဆံသားဆဲလ်များကို ကျန်းမာအားဖြည့်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ် ပါဝင်ပါတယ်။ သံဓာတ်လျော့နည်းခြင်းဟာ ဆံသားအမြစ်များဆီကို လိုအပ်တဲ့ အာဟာရတွေ ပေးပို့နိုင်ခြင်း မရှိတဲ့အတွက် ဆံသားဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံသား ပြတ်လွယ် ဆုံးရှုံးလွယ်တာတွေ ဖြစ်လာပါတယ်။ ကိုက်လန်ရွက်မှာ ဦးရေပြားအတွက် ကောင်းမွန်တဲ့ ဗီတာမင်အေနဲ့ စီတို့ ပါဝင်ပါတယ်။ သဘာဝ ဆံသားပျော့ဆေးလို့လည်း ပြောလို့ရနိုင်ပါတယ်။ ပိုမိုကျန်းမာကောင်းမွန်စေတဲ့ နည်းလမ်းကတော့ ဒီအစိမ်းရောင်ရှိတဲ့ အရွက်တွေကို ပြုတ်ပြီး စားသုံးခြင်း ဖျော်ရည် သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ beta-carotene ကြွယ်ဝစွာ ပါဝင်ပါတယ်။ beta-carotene ဆိုတာကတော့ ဆံသား ပျက်ဆီးဆုံးရှုံးမှုတွေကို ကာကွယ်တားဆီးပေးတဲ့ မရှိမဖြစ် အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ဦးရေပြားကျန်းမာရေးနဲ့ ဆံသားမွေးညှင်းပေါက်လေးများ ကျန်းမာရေးကို တိုးတက် ကောင်းမွန်စေတဲ့ ဗီတာမင်အေလည်း မြင့်မာစွာ ပါဝင်ပါတယ်။ ဆံသားကို ကျန်းမာ သန်စွမ်းစေရာမှာ မရှိမဖြစ် အရေးပါလှတဲ့ ဗီတာမင် K, C, B6, B1, B3, B2, အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဖော့စဖိတ်တို့လို သတ္တုဓာတ်များ ပါဝင်လို့ ဆံသား ကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။ မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ် သောက်သုံးပေးခြင်းဟာ ဆံသားကျွတ်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ အစိမ်းလိုက်စားလို့ရသလို သုပ်စားခြင်း၊ စွပ်ပြုတ်လုပ်သောက်ခြင်းနဲ့ ဟင်းချက်စားခြင်းလိုမျိုး အမျိုးမျိုး စားသုံးနိုင်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာ ဦးရေပြား ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး ဆံသား ကြီးထွားမှုကို တိုးမြှင့်ပေးတဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ မွဲခြောက်တဲ့ ဆံသားများကို တိုးတက် ကောင်းမွန်စေပြီး ဆံသားပါးခြင်းကို ကာကွယ်တားဆီးဖို့ ဆဲလ်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ beta-carotene လည်း များစွာ ပါဝင်ပါသေးတယ်။ ကန်စွန်းဥကို ပုံစံအမျိုးမျိုးနဲ့ စားသုံးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပြုတ်ပြီး စားသုံးခြင်းပဲ ဖြစ်ပါတယ်။

ပန်းဂေါ်ဖီထုပ်

ပန်းဂေါ်ဖီထုပ်မှာ ဗီတာမင် A, E, C, K, ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီစမ်၊ မန်းဂနိ့စ်၊ ဇင့်၊ ကော့ပါးနဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။ ဒီ အာဟာရဓာတ်များဟာ ဆံသားကျွတ်ကျ ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ပန်းဂေါ်ဖီရဲ့ အာဟာရဓာတ်များဟာ ဆံသားများ ပျက်စီးခြင်းကနေ လျှင်မြန်စွာ ပြန်လည်ကောင်းမွန်စေပြီး လိုအပ်တဲ့ အာဟာရတွေ ဖြည့်စွမ်းပေးပါတယ်။ နည်းလမ်းအမျိုးမျိုး စားသုံးနိုင်ပြီး အကောင်းဆုံးနည်းလမ်းကတော့ ပန်းဂေါ်ဖီကို ပြုတ်ပြီး ဆားဖြူး စားသုံးခြင်းပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်လဲ ထုချေပြီး အစပ် အနည်းငယ်ထည့်ကာ ထမင်းနဲ့အတူ အရံဟင်းအဖြစ် စားသုံးနိုင်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာ ဆံသားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးတဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အခြားပါဝင်တဲ့အရာများဖြစ်တဲ့ antioxidants, flavonoids, beta-carotene နဲ့ အမျှင်ဓာတ်တွေက ဆံသား ကျန်းမာမှုကို မြှင့်တင်နိုင်စွမ်းပါပါတယ်။ လိမ္မော်သီးများဟာ ဆံသားကျွတ်ခြင်းများကို ဖြစ်စေနိုင်တဲ့ ဗောက်များကိုလည်း ကုသပေးနိုင်ပါတယ်။ လိမ္မော်သီး လတ်လတ်ဆတ်ဆတ်ကို ဒီအတိုင်း စားသုံးပေးခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းကတော့ ဖျော်ရည်အဖြစ် သောက်သုံးခြင်းပါ။

မာလကာသီး

မာလကာသီးမှာ ဗီတာမင်အေနဲ့ စီတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆံသားကျန်းမာရေးကို အထောက်အကူဖြစ်တဲ့ ကော့ပါး၊ မန်းဂနိ့စ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်များလည်း များစွာ ပါဝင်ပါတယ်။ မာလကာသီးက လိမ္မော်သီးထက် ဗီတာမင်စီ ပါဝင်မှု ပိုမိုများပြားပြီး ငှက်ပျောသီးထက် ပိုတက်စီယမ် ပိုမိုပါဝင်ပါတယ်။ ဒီအစွမ်းထက်တဲ့ အာဟာရဓာတ် နှစ်မျိုးပေါင်းစပ် ပါဝင်ခြင်းဟာ ဆံသားများကို ပိုမို ကောင်းမွန်ခြင်းကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ မာလကားသီးကို အစိတ်လေးများလှီးကာ ဆားနဲ့တို့စားနိုင်သလို မာလကာသီး ဖျော်ရည် အဖြစ်လည်း သောက်သုံးနိုင်ပါတယ်။

ဆံသားပျက်ဆီးဆုံးရှုံးခြင်းအား ရှောင်ရှားရန် နည်းလမ်းများ

• ဆံသားများကို ညင်သာစွာ ကိုင်တွယ်ပါ။ ကြမ်းတမ်းစွာ မဆွဲပါနဲ့။
• ဆံသား စတိုင်ကျအောင် ဖန်တီးမှုမှာ အပူဓာတ်ပေးတဲ့ ကိရိယာများကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် အသုံးပြုပါ။ အကာအကွယ်ပေးတဲ့ hair serum များကို အသုံးပြုပေးပါ။
• ဆံသား အစိုများကို ဘီးမဖြီးပါနဲ့။
• ဆံသား အစိုတွေကို အဝတ်စ သို့မဟုတ် မျက်နှာသုတ်ပဝါများနဲ့ ပွတ်မသုတ်ပါနဲ့။ အဝတ်စတစ်ခုနဲ့ တို့သုတ်ပေးပြီး သဘာဝအတိုင်း အခြောက်ခံပါ။
• မိမိရဲ့ ဆံသား အမျိုးအစားနဲ့ ကိုက်ညီတဲ့ ဆံသား ကုန်ပစ္စည်းများကို အသုံးပြုပါ.
• ဦးရေပြားဟာ သဘာဝ အဆီအနှစ်များ ပြန်လည်ရရှိဖို့ အချိန်လိုအပ်တာမို့ တစ်ပတ်မှာ ၂-၃ကြိမ်ထက်ပိုပြီး ခေါင်းမလျှော်ပါနဲ့။

Ref : Beauty : Top 10 Foods That Help Prevent Hair Fall

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top