ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း

shutterstock-560830615-700x467-1.png

ဆီးချိုရောဂါကို ဆင်းရဲသားရောဂါရယ်လို့ခေါ်ကြတာရှိတယ်နော်။ စားကောင်းခြင်းမစားရဘူးပေါ့။ ဆန်ဆိုလည်း ဆန်ချောမစားရဘူး။ ဖြစ်နိုင်ရင် ထမင်းလျှော့စားပါ၊ လို့ပြောတာမျိုးတောင်ရှိပါတယ်နော်။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းလေးကို အတူတူဆွေးနွေးကြရအောင်လား။

အစားအစာ စားသောက်မှုပုံစံက ဆီးချိုရောဂါရှိသူတွေကို ကျန်းမာနေစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ သာမန်ကျန်းမာတဲ့ လူတစ်ယောက်အတွက်တော့ ဆန်လိုမျိုး ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ ပါဝင်တဲ့ အစားအစာတွေက ကျန်းမာစေသလို အင်အားပြည့်စေပေမယ့် ဆီးချိုရောဂါ ခံစားနေရသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။

ဆီးချိုရောဂါရှိသူတစ်ဦး ကျန်းမာစေဖို့ ဒီအချက်တွေ ဂရုစိုက်ပေးဖို့လိုပါမယ်

ဆီးချိုရောဂါရှိသူတွေက ကိုယ်တွင်းထဲမှာ အင်ဆူလင် လုံလောက်စွာမထုတ်နိုင်သလို အင်ဆူလင်ကို ကောင်းကောင်းအသုံးမချနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓါတ်ကို ဆဲလ်တွေထဲကို ဝင်ရောက်စေဖို့နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ ကဏ္ဍမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဆီးချိုရောဂါရှိသူအနေနဲ့ ကျန်းမာနေဖို့ဆိုရင် အစားအသောက်ကို သင့်တင့်မျှတအောင် စားသုံးဖို့လိုသလို သင့်တော်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေက ပုံမှန်အားဖြင့် သွေးတွင်းသကြားဓါတ် မြင့်တက်နေနိုင်ပါတယ်။ ဒီအခြေအနေက သေချာမကုသဘဲ တာရှည်ထားမယ်ဆိုရင် ခန္ဓါကိုယ်က အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဆီးချိုရှိသူတစ်ယောက်အနေနဲ့ ကျန်းမာနေစေဖို့ဆိုရင်

    • ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးတတ်ရပါမယ်
    • နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရပါမယ်
    • ဆေးသောက်ရပါမယ်
    • လိုအပ်တဲ့ ကုသမှုကို ခံယူရပါမယ်။

ကာဗိုဟိုက်ဒရိတ်နဲ့ဆီးချို

ခန္ဓါကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးတဲ့ ပင်မအရင်းအမြစ်တစ်ခုပါ။ ကစီဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ချိုတဲ့အစားအစာတွေက ခန္ဓါကိုယ်က စွမ်းအင်တွေမှာ ခန္ဓါကိုယ်အတါက် စွမ်းအင်ကိုထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ် အပြည့်အဝပါဝင်နေပါတယ်။ ဆန်၊ဂျုံ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊နို့ထွက်ပစ္စည်းတွေ နဲ့ အချိုပါတဲ့ စားစရာတွေကနေ ကာဗိုဟိုက်ဒရိတ်ကိုရနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ်ကို အစာခြေစနစ်က သကြားဓါတ်အဖြစ် ဖြိုခွဲလိုက်ပါတယ်။ ဒီသကြားဓါတ်က သွေးထဲကိုရောက်ရှိသွားပြီး အင်ဆူလင်လို့ခေါ်တဲ့ဟော်မုန်းကို ထုတ်ပေးပါတယ်။ အင်ဆူလင်က ဆဲလ်တွေထဲကို အချိုဓါတ်ရောက်ရှိအောင် လုပ်ဆောင်ပေးတာပါ။ ဆဲလ်တွေက အချိုဓါတ်ကို စုပ်ယူလိုက်တာနဲ့ တပြိုင်နက်သွေးတွင်းသကြားဓါတ်က ကျဆင်းသွားပါတယ်နော်။

ဆီးချိုရှိရင် ထမင်းလျှော့စားပါ

ဆန်ကနေဖြစ်လာတဲ့ ထမင်းက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေမှာကတော့ ပြောနေဖို့တောင် မလိုအောင်ပါနော်။ ဒါဆို ဆီးချိုရှိနေရင် သွေးတွင်းသကြားဓါတ် မြင့်တက်နိုင်တာကြောင့် ထမင်းကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ အတန်အသင့်စားလို့ရပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ အဓိကအစားအစာတွေက ဆန်ကိုအခြေခံထားတာပါ။ ဒါ့အပြင်တာကြောင့် အဓိကစားစရာကိုက ထမင်းပါ။ ထမင်းကြိုက်တတ်သူတွေကို ထမင်းလျှော့စားပါ၊ လို့ပြောရတာ အဆင်မပြေလှပေမယ့် ဆီးချိုရှိပြီ ကျန်းမာဖို့ဆိုရင်တော့ ထမင်းကို တတ်နိုင်သမျှလျှော့စားပြီး ကျန်းမာတဲ့ အဆီ နဲ့ ပရိုတင်းတို့ကို ပိုစားပေးရပါမယ်။ ဒါမှလည်း ကျန်းမာမှာပါ။

ဆန်အချောအစား ဆန်လုံးညိုကို စားပေးရင်တော့ ပိုသင့်တော်ပါမယ်။ ဒါ့အပြင်ပေါင်းအိုးနဲ့ ချက်ထားတဲ့ ထမင်းထက် ငှဲ့ချက်ထားတဲ့ ထမင်းက ပိုအဆင်ပြေပါတယ်။ ကာလရှည်ကြာ ဆန်ချောနဲ့ချက်ထားတဲ့ ထမင်းကို စားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓါတ် မြင့်တက်ပြီး ပန်ကရိယက အင်ဆူလင်တွေကို ပိုထုတ်ပေးရပါတယ်။ ဒီလိုကနေ ကာလရှည်ကြာလာတဲ့အခါ ဆီးချိုရှိသူတွေမှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ ဝင်ရောက်ဖို့ အခွင့်ရသွားမှာဖြစ်ပြီး ဆီးချိုမရှိသူတွေမျာလည်း ဆီးချိုဖြစ်ဖို့ အလားအာလာတွေ များလာနိုင်ပါတယ်။

ဆန်လုံးညိုစားသုံးတာက ဆီးချိုရှိပြီးသားသူတွေမှာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်သလို မရှိသေးသူတွေမှာလည်း ဆန်လုံးညိုစားသုံးမှုက ဆီးချိုဖြစ်နိုင်ခြေကို ၁၆ ရာခိုင်နှုန်းအထိလျှော့ချပေးပါတယ်။ ဆန်လုံးညိုစားသုံးတာ၊ ထမင်းကိုလျှော့စားတာက သွေးတွင်းသကြားဓါတ်ကို ထိန်းညှိရာရောက်ပါတယ်။ ဒါ့အပြင်ဆီးချိုကြောင့် ဖြစ်တဲ့နောက်ဆက်တွဲ ရောဂါဖြစ်ကြတဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ခြေလက်တွေဖြတ်တောက်ရတာမျိုးတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။

Ref : HelloSayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top