လင်းနို့လူသားဇာတ်ကောင်မင်းသား ရောဘတ်ပတ်တင်ဆန်ဟာ Batman ၃ ကားမြောက်ရိုက်ကူးပြီးရင် သရုပ်ဆောင်အလုပ်ကနေ အနားယူနိုင်တယ်လို့ ဖွင့်ဟထားပါတယ်။ ရောဘတ်က လင်နိုးလူသားဇာတ်ကောင်အဖြစ် ၂၀၂၂ ခုနှစ်က စပြီးပါဝင်ခဲ့ပြီး အဲ့ဒီဇာတ်ကား ပြီးဆုံးဖို့ နောက်ထပ် ၂ ကားကျန်ရှိနေပါသေးတယ်။
၂၀၀၅ ခုနှစ်ရဲ့ Harry Potter and the Goblet of Fire ဇာတ်ကားမှာ ပါဝင်ရင်း အသက် ၁၇ နှစ်အရွယ်မှာ သရုပ်ဆောင်အလုပ်စပြီးလုပ်ကိုင်ခဲ့တဲ့ ရောဘတ်က Batman ၃ ကားမြောက် ရိုက်ကူးပြီးသွားတဲ့အချိန် သရုပ်ဆောင်အလုပ်ကနေ အနားယူသွားနိုင်ကြောင်းကို The New York Times ရဲ့ Style Magazine မှာ အခုလို ပြောကြားခဲ့တာပါ။
“ကျွန်တော် ၃ ကားမြောက်ပြီးတဲ့အချိန် အနားယူသွားနိုင်ပါတယ်။ ပထမအလုပ်ရကတည်းက ဒီလိုလုပ်ဖို့ပဲ တွေးနေခဲ့တာပါ။ ဆက်ပြီးလုပ်နေရတယ်ဆိုတာကို မယုံနိုင်ဖြစ်ရတယ်”လို့ သူက ဆိုပါတယ်။ သရုပ်ဆောင်အလုပ်က အားထည့်ပြီးလုပ်ရတယ်လို့လည်း သူက ဆိုထားပါတယ်။
ရောဘတ်ကို The Twilight ဇာတ်ကားတွေနဲ့ လူသိများခဲ့တာပါ။ The Batman ဒုတိယမြောက်ဇာတ်ကားကိုတော့ ၂၀၂၆ ခုနှစ်အထိ ထုတ်လွှင့်ပြသဦးမှာမဟုတ်ပါဘူး။
Ref: Robert Pattinson says he might retire after Batman trilogy
WL(ရိုးရာလေး)