လူသားသခင်တွေနဲ့အတူ နေထိုင်ရင်း မော်ဒယ်အလုပ်လုပ်နေပြီဖြစ်တဲ့ ရှရှားဝက်ဝံညို

16-10-2020-yyl-017.jpg

ရှရှားနိုင်ငံမှာ အသက် (၂၈) နှစ်အရွယ် စတီဖန်ဆိုတဲ့ ဝက်ဝံညိုကြီးက အတော်လေးနာမည်ကြီးပါတယ်။ စတီဖန်က (၃) လသားလေးအရွယ်မှာ မိခင်ရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး သူ့ကို အမဲလိုက်သမားတွေက တောထဲကနေ တွေ့ရှိခဲ့တာပါ။ အဲဒါကနေ ဆာဗက်လာနာ နဲ့ ယူရီ ပန်တီလန်ကို ဆိုတဲ့ လင်မယား (၂) ယောက်က သူ့ကို မွေးစားခဲ့ပါတယ်။ စတီဖန်က သူ့ဘဝကို လူသားတွေနဲ့နေထိုင်ရင်း ကြီးပြင်းခဲ့ရတဲ့အတွက် အိမ်မွေးဝက်ဝံဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် စတီဖန်က လူတွေချစ်တဲ့၊ လူတွေနဲ့ရင်းနှီးတဲ့ဝက်ဝံကြီးဖြစ်တဲ့အပြင် နာမည်ကြီးဓာတ်ပုံဆရာ မီလာ ဇီဒါနိုဗာအတွက် မော်ဒယ်လည်းလုပ်နေပါပြီ။

ဓာတ်ပုံဆရာမီလာက စတီဖန်အကြောင်းကို သူ့ရဲ့သခင်တွေဆီကနေ သိရှိခဲ့တာပါ။ စတီဖန်ကို သူ့ရဲ့ဓာတ်ပုံရိုက်ကူးမှုမှာ မော်ဒယ်အနေနဲ့ ပါဝင်စေခဲ့ပါတယ်။ စတီဖန်နဲ့အတူ တွဲရိုက်ရမယ့် မော်ဒယ်တွေက ကမ္ဘာတစ်ဝှမ်းကနေ လာကြတာဖြစ်ပြီး သူတို့တွေက စတီဖန်နဲ့ အတူ အလုပ်လုပ်ခွင့်ရဖို့ (၅) နှစ်လောက် စောင့်ဆိုင်းခဲ့ရပါတယ်။ နတ်သမီးပုံပြင်လိုပုံစံမျိုး ဖန်တီးဖို့အတွက် မော်ဒယ်အများစုက ရှရှားရိုးရာဝတ်စုံတွေဝတ်ပြီး စတီဖန်နဲ့အတူ Pose အမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ဓာတ်ပုံဆရာမ မီလာက စတီဖန်နဲ့အတူ ဓာတ်ပုံရိုက်ကူးရေးလုပ်ချင်တဲ့အတွက် နှစ်တော်တော်ကြာ သူ့ကို စောင့်ကြည့်ခဲ့ပါတယ်။ သူ့သခင်နဲ့သူ ဘယ်လိုဆက်ဆံမှုတွေရှိလဲဆိုတာ ကြည့်ဖြစ်ခဲ့ပြီး သူ့ရဲ့ဓာတ်ပုံလုပ်ငန်းအတွက် စတီဖန်နဲ့ရိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ တွေးခဲ့တာပါ။ ဒီဓာတ်ပုံရိုက်ကူးရေး လုပ်ချင်စိတ်ဖြစ်စေတဲ့ အကြောင်းအရင်းတော်တော်များများလည်း မီလာမှာရှိခဲ့ပါတယ်။

နိုင်ငံခြားသားအများစုက ရုရှားတွေနဲ့ ပတ်သက်ဆက်နွယ်မှုနည်းကြပါတယ်။ ဒါကြောင့် လူအများစုက ဝက်ဝံတစ်ကောင်နဲ့ ဓာတ်ပုံရိုက်ကူးရေးလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရုရှားရိုးရာဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတွေက ကြည့်လို့ကောင်းပြီး သူတို့ရဲ့ဘေးမှာ တိရစ္ဆာန်အကြီးကြီးရှိမယ်ဆိုရင် နတ်သမီးပုံပြင်နဲ့တစ်ကယ်တူမယ်လို့ တွေးမိလို့လည်း ဒီဓာတ်ပုံရိုက်ကူးရေးကို မီလာလုပ်ဖြစ်ခဲ့ပါတယ်။

မီလာက သူ့ရဲ့ပုံတွေနဲ့ သူ့အကြောင်း၊ ကမ္ဘာကြီးအကြောင်း၊ သူ့နိုင်ငံအကြောင်းပြောပြချင်တာပါ။ လူတွေက ရုရှားနိုင်ငံမှာ မပြုံးဘူးလို့ လူတော်တော်များများက ထင်ကြပါတယ်။ ဒါကလုံးဝမှားယွင်းတယ်လို့ မီလာက ဆိုပါတယ်။ စတီဖန်က သူ့ပုံတွေထဲမှာ ပြုံးနေရင်တောင် Photoshop နဲ့ လုပ်ထားတယ်လို့ထင်ကြမှာပါတဲ့။ စတီဖန်နဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ဝက်ဝံနဲ့ ဘယ်လိုရိုက်ကူးရမယ်ဆိုတာ နားလည်ဖို့ လိုအပ်တယ်လို့မီလာက ပြောပါတယ်။

ရိုက်ကူးရေးမှာ မော်ဒယ်တွေကို ဝက်ဝံရဲ့စိတ်ခံစားချက်အတိုင်း ညှိခိုင်းပါတယ်။ မော်ဒယ်တွေကို Pose မပေးခိုင်းဘဲ စတီဖန်နဲ့ သဘာဝအတိုင်းပြုမှုခိုင်းခဲ့ပါတယ်။ စတီဖန်ကို တစ်ခုခုလုပ်ဖို့ဆိုရင် အတင်းမခိုင်းပါဘူး။ သူ့ကို ချောမော့ပြောပြီး တောင်းဆိုရပါတယ်။ တစ်ခါတလေ သူက မလုပ်ချင်ဘူး။ ဝက်ဝံနဲ့ ညှိယူရတဲ့အချိန်မှာ ပျော်စရာတော့ကောင်းခဲ့ပါတယ်လို့ မီလာက ပြောပါတယ်။

စတီဖန်က အိမ်မှာနေရင် ပန်းပင်ရေလောင်းတဲ့အလုပ်တွေ ကူညီပေးတဲ့အပြင် သူ့သခင်တွေနဲ့အတူ တီဗီကြည့်ရတာလည်းကြိုက်ပါတယ်။ သူက လူတွေကို ချစ်တတ်ပြီး ဖော်ရွေပါတယ်။ လူတွေကိုလည်းရန်မမူတတ်ပါဘူး။ နှစ်အကြာကြီးနေထိုင်လာခဲ့တဲ့ သူ့သခင်တွေကိုလည်း တစ်ခါမှ မကိုက်ဖူးဘူးလို့သိရပါတယ်။

Ref: BoredPanda “Russian Brown Bear Who Was Abandoned As A Cub And Raised By Humans Has Now Started A Modeling Career”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top