အစွမ်းထက်သော သစ္စာလက်နက်

old-fish-trap-on-ground-ZLA8EH3.jpg

ရှေးအခါက ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဝိုင်းရံထားသော ရေအိုင်ကြီးတစ်အိုင်ရှိသည်။ ထိုအိုင်တွင် ငါးရံ့ကြီးတစ်ကောင်သည် မင်းပြုပြီး ငါးအပေါင်းခြံရံကာ နေထိုင်သည်။ ငါးရံ့ဆိုသည်မှာ မျိုးတူငါးများအား စားသောက်တတ်သော်လည်း ငါးရံ့မင်းသည် မည်သည့်ငါးကိုမှ မသတ်စားသဖြင့် ငါးများကလည်း ချစ်ခင်ကြသည်။

တစ်နှစ်တွင် မိုးခေါင်သဖြင့် အင်းအိုင်တို့ ခမ်းခြောက်ကုန်သည်။ ငါးရံ့မင်းနေထိုင်သော ကန်သည်လည်း ရေခမ်းလေသည်။ ငါးအပေါင်းသည် ရွှံ့နွံများအကြားတိုးဝင်ကာ အသက်ရှင်သန်ရန် ကြောက်လန့်တကြား ကြိုးပမ်းကြရသည်။ ကျီးနှင့် သားစားငှက် အပေါင်းသည် ငါးများအား ထိုးသုတ်စားသောက်ကြကုန်သည်။ ငါးရံ့မင်းသည် မိမိ၏ ဆွေမျိုးငါး အပေါင်းတို့ အတိဒုက္ခရောက်နေကြသည်ကို ကြည့်ပြီး စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်နေတော့သည်။

ငါးရံ့မင်းသည် မိမိတွင် သစ္စာမှတပါး အခြား အားကိုးအားထားပြုစရာ မရှိပြီဟု တွေးမိကာ “ငါသည် အသားစားငါးမျိုး ဖြစ်ပါသော်လည်း မည်သည့်ငါးကိုမှ မစားမသောက်ခဲ့ချေ။ ဤမှန်သော သစ္စာစကားကြောင့် မိုးရွာပြီး ငါနှင့် ငါ၏ဆွေမျိုးတို့ ဆင်းရဲဒုက္ခမှ လွတ်စေသတည်း။” ဟု ပဇ္ဇုန်နတ်မင်းအား တိုင်တည်ပြီး သစ္စာပြုသည်။ ငါးရံ့မင်း၏ မှန်ကန်သော သစ္စာအာနုဘော်ကြောင့် ပဇ္ဇုန်နတ်မင်းလည်း မနေသာတော့ဘဲ ကြီးစွာသောမိုးကို ရွာစေသည်။ ရေကိုမှီပြီး ရှင်သန်ရသော သတ္တဝါအပေါင်းတို့သည် အသက်ချမ်းသာရာ ရလေသည်။

သစ္စာလက်နက်သည် စွမ်းသည်ဟု အကြိမ်ကြိမ် ဖတ်ရှုမှတ်သားဖူးကြသည်။ သို့သော် တကယ့်လက်တွေ့ ဘေးကြပ်နံကြပ် အခြေအနေမျိုး တွေ့ကြုံသည့်အခါ သစ္စာပြုစရာမရှိ ဖြစ်တတ်ကြသည်။ သစ္စာပြု တိုင်တန်နိုင်ရန် စောင့်ထိန်းနိုင်သော (သို့မဟုတ်) ပြုလုပ်နိုင်သော အကြောင်းတစ်ရပ်ကို ယနေ့မှစပြီး မည်သူမဆို စောင့်ထိန်းကျင့်ကြံခြင်းဖြင့် သစ္စာလက်နက်ကို စတင်တည်ဆောက်နိုင်သည်။

ဥပမာအားဖြင့် စောင့်ထိန်းရာတွင် ယနေ့မှစပြီး မည်သည့်သတ္တဝါမှ မသတ်ဖြတ်ခြင်း (သို့မဟုတ်) ခြေလေးချောင်းရှိသော မည်သည့်သတ္တဝါမှ မသတ်ဖြတ်ခြင်း အစရှိသဖြင့် စောင့်ထိန်းလိုသော ကံတစ်ခုကို တိတိကျကျ စောင့်ထိန်းကာ သစ္စာလက်နက်တစ်ခု တည်ဆောက်နိုင်သည်။ ပြုလုပ်နိုင်သောအရာများမှ ယနေ့မှစပြီး လစဉ် ဆီ တစ်ပိဿာ လှူဒါန်းမည် (သို့မဟုတ်) ယနေ့မှစပြီး ညအိပ်ယာမဝင်ခင် မိဘအား အရိုအသေပြု ရှိခိုးပြီးမှ အိပ်မည်ဟု စိတ်ပိုင်းဖြတ်ကာ တိတိကျကျ ပြုလုပ်ခြင်းဖြင့် အစွမ်းထက်လှသော သစ္စာလက်နက်ကို တည်ဆောက်နိုင်ပေသည်။

သစ္စာလက်နက်၏ အစွမ်းကို ကောင်းသောနေရာများတွင်သာ အသုံးပြုရင်း ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်စေရန် ရည်ရွယ်ပြီး ငါးရာ့ငါးဆယ်ဇာတ် နိပါတ်တော်လာ မစ္ဆဇာတ်တော်ကို ယခုအပတ်အတွက် ဖော်ပြပေးလိုက်ပါသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top