ကျောင်းကားမီးလောင်ချိန်မှာ ယာဉ်မောင်းက ကျောင်းသား/သူအားလုံးကို ကယ်တင်ပေးခဲ့

24.3.24-yyl-7.jpg

ကျောင်းကား မီးလောင်ချိန်မှာ ယာဉ်မောင်းဖြစ်သူ ကီရာရူဆက်က ကားပေါ် ပါလာတဲ့ ကျောင်းသား/သူအားလုံးကို ကယ်တင်ပေးနိုင်ခဲ့လို့ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ မတ်လ ၁၃ ရက်၊ နံနက် ၇ နာရီဝန်းကျင်မှာ ကီရာရူဆက်က နယူးအော်လင်းမြို့၊ Lafayette Academy မှ ကျောင်းသား/သူတွေကို ကျောင်းပို့ရင်း ကျောင်းရောက်ဖို့ ၇ မှတ်တိုင်လောက်ပဲ ကျန်တော့တဲ့အချိန် ရုတ်တရက် ကား ထိုးရပ်သွားပြီး မီးခိုးတွေ ထွက်လာခဲ့တာပါ။

ကားအောက်ပိုင်း မီးလောင်နေတယ်လို့ ကျောင်းသူတစ်ယောက်က လာပြောတဲ့အတွက် ကီရာရူဆက်က ကျောင်းသား/သူတွေအားလုံးကို ကားပေါ်ကနေ ဆင်းခိုင်းခဲ့ပြီး ဘေးလွတ်ရာ နေရာ ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ကီရာရူဆက်က ကားပေါ်ကို ပြန်တက်လာပြီး ကားပေါ်မှာ ကျန်နေသူ ရှိ၊ မရှိ နောက်တစ်ကြိမ် စစ်ဆေးခဲ့ပါတယ်။ သူက ကားစက်သပ်ပြီး ကားပေါ်ကနေ ပြန်ဆင်းလာခဲ့တဲ့နောက်မှာတော့ ကားအရှေ့ပိုင်း ပေါက်ကွဲသွားခဲ့တာပါ။

အသက်အန္တရာယ် ကြုံရချိန်မှာ ကီရာရူဆက်က သူရဲကောင်းဆန်ဆန် ရဲဝံ့စွာ ဆောင်ရွက်ခဲ့တယ်လို့ ခရိုင်ပညာရေးရုံးက ချီူးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒီဖြစ်ရပ် ကြုံခဲ့ပြီးနောက်မှာတော့ ကီရာရူဆက်က ကျောင်းကားမောင်းတဲ့အလုပ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Ref: School Bus Catches on Fire, Driver Gets All the Kids Out–and Herself–Before it Explodes Behind Her

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top