ဆိုလာတပ်ဆင်ထားတဲ့ Lightyear 0 လျှပ်စစ်ကားကို ဆောင်းဦးကာလမှာ စတင်ထုတ်လုပ်မယ်

20-6-2022-yyl11.jpg

ဆိုလာပြားတပ်ဆင်ထားတဲ့ လျှပ်စစ်ကားကို လာမယ့်ဆောင်းဦးကာလမှာ စတင်ထုတ်လုပ်သွားမယ်လို့ နယ်သာလန်ကုမ္ပဏီ Lightyear က ကြေညာခဲ့ပါတယ်။ Lightyear 0 ကားဟာ ခေါင်မိုး၊ နောက်ဖုံးနဲ့ ရှေ့ဖုံးမှာ ဆိုလာပြားတွေ တပ်ဆင်ထားပြီး အစောဆုံးအနေနဲ့ နိုဝင်ဘာလအတွင်း ဥရောပတိုက်မှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။

တစ်ကြိမ် အားအပြည့်သွင်းထားရင် ၃၈၈ မိုင်အထိ မောင်းနှင်နိုင်ပြီး တစ်နေ့ကို ဆိုလာစွမ်းအင်ကနေ နောက်ထပ် ၄၄ မိုင်အထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ Tesla Model 3 ( ၃၇၄ မိုင်) လျှပ်စစ်ကားထက် မောင်းနှင်နိုင်စွမ်း ပိုများပါတယ်။

နေရောင်ခြည် တစ်နာရီရရင် ၆ မိုင်အကွာအဝေး မောင်းနှင်နိုင်တဲ့ ဘက်ထရီအားရရှိမှာပါ။ ဆိုလာစွမ်းအင် အသုံးပြုနိုင်မှာဖြစ်လို့ ခရီးဝေးမောင်းနှင်မှုတွေအတွက် အဆင်ပြေစေမှာပါ။ စပိန်၊ ပေါ်တူဂီတို့လို ပူနွေးတဲ့တိုင်းပြည်တွေမှာ (တစ်နေ့ခရီးအကွာအဝေး ၂၂ မိုင်အောက်ပဲ သွားလာမယ်ဆိုရင်) ၇ လအထိ အားမသွင်းဘဲ မောင်းနှင်နိုင်မှာပါ။ နယ်သာလန်နိုင်ငံလို တိမ်ထူတဲ့ နိုင်ငံတွေမှာတော့ ၂ လတစ်ခါ အားသွင်းပေးဖို့ လိုမှာပါ။

လေခွင်းအားကောင်းတဲ့ ဒီဇိုင်းဖြစ်ပြီး မော်တာပေါင်းစပ်ဘီး ၄ လုံး တပ်ဆင်ထားသလို သေးငယ်တဲ့ ဘက်ထရီကြောင့် ကားအလေးချိန်က ပေါ့ပါးပါတယ်။ အမြင့်ဆုံး မိုင် ၁၀၀ နှုန်းအထိ မောင်းနှင်နိုင်ပြီး စက်နှိုးချိန်ကနေ မိုင် ၁၀၀ နှုန်းရောက်ဖို့ ၁၀ စက္ကန့်ကြာမြင့်မှာပါ။

ဒါပေမဲ့ ပထမဆုံး ထုတ်လုပ်မယ့် ၉၄၆ စီးအတွက် တစ်စီးကို အမေရိကန်ဒေါ်လာ ၂၆၂,၀၀၀ ကုန်ကျမှာဖြစ်ပြီး ဈေးနှုန်းကလည်း မြင့်မာတြယ်လို့ ဆိုရမှာပါ။ ဒါဟာ Ferrari Roma ထက် ဈေးပိုကြီးသလို Tesla Model 3 (အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဝန်းကျင်) ထက်လည်း ၄ ဆကျော် များပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ Lightyear Two ကိုတော့ အမေရိကန်ဒေါ်လာ ၃၁၂၁၅ နဲ့ ထုတ်လုပ်ရောင်းချနိုင်ဖို့ Lightyear ကုမ္ပဏီက မျှော်မှန်းထားပါတယ်။

Ref: CNN ” Lightyear 0 solar-assisted car will go into production this year”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top