ဟာရီကိန်း မုန်တိုင်း မာရီယာ၊ အီမာ နဲ့ ဟာဗေးတို့တိုက်ခတ်မှုကြောင့် ဒုက္ခရောက်ခဲ့တဲ့ ပြည်သူများအတွက် ရန်ပုံငွေအလှူခံပွဲကို လက်ရှိ အသက်ရှင်နေတဲ့ အမေရိကန် သမ္မတ ၅ ယောက်လုံး တက်ရောက်ခဲ့ပါတယ်။
ဒီလို အမေရိကန် သမ္မတဟောင်းတွေကို တစ်စုတစည်းတည်း နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ဟာ ၂၀၁၃ ခုနှစ်ကဖြစ်ပြီး ဘားရက် အိုဘာမား၊ ဂျော့ ဒဗလျူ ဘုရှ်၊ ဘီလ်ကလင်တန်၊ ဂျော့ အိတ်ခ်ျ ဒဗလျူဘုရှ် နဲ့ ဂျင်မီကာတာတို့ဟာ “အမေရိက မေတ္တာရပ်ခံခြင်း ”ဆိုတဲ့ ရန်ပုံငွေပွဲမှာ တစ်စုတစည်းတည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ တက်ဆပ်စ်ပြည်နယ် ကောလိပ် စတေရှင်မြို့ရှိ Reed ကစားကွင်းမှာ ကျင်းပခဲ့တဲ့ဒီရန်ပုံငွေပွဲကို လက်ရှိသမ္မတ ဖြစ်သူ ဒေါ်နယ် ထရန့် မတက်ရောက်ခဲ့ဘဲ ဗီဒီယို ပြောစကားတစ်ခုကိုသာ ပေးပို့ခဲ့ပါတယ်။ ထရန့်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိတ်ရက်တွေကို ဗာဂျီးနီးယားရှိ သူ့ဂေါက်ကွင်းမှာ ဂေါက်ရိုက်နေခဲ့ပါတယ်။
“ပွဲကို တက်ရောက်လာသူအားလုံးရဲ့ ကူညီမှုကို ကျွန်တော် နက်ရှိုင်းစွာ ကျေးဇူးတင်လိုကြောင်း အရင်ပြောချင်ပါတယ်။ အားလုံးရဲ့ အံ့အားသင့်စရာ အားထုတ်မှုများဟာ ကျွန်တော်တို့နိုင်ငံဟာ ဘုရားသခင်ရဲ့ အရိပ်အောက်မှာ ရှိနေကြောင်းကို ပြနေပြီး တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ဂရုစိုက်ကြောင်းကိုလည်း ပြသနေပါတယ် ” လို့ထရမ့်ကဆိုပါတယ်။
ဒီပွဲကို အမေရိကန် ပေါ့အဆိုတော် လေဒီဂါဂါ လည်း ကြိုတင်အကြောင်းမကြားဘဲ လျှပ်တပြက်တက်ရောက်လာခဲ့ပြီး “လူတိုင်း လူတိုင်း သူတို့ရဲ့ မတူညီမှုတွေကို ဘေးဖယ်ထားပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်သူတွေကို ကူညီဖို့ လုပ်ဆောင်နေတဲ့ မြင်ကွင်းထက် လှတာ ဘာမှ မရှိတော့ ပါဘူး #OneAmericaAppeal ”လို့ Twitter မှာ တင်ခဲ့ပါတယ်။
ဒီရန်ပုံငွေပွဲမှ မုန်တိုင်းသင့်ပြည်သူများအတွက် လှူဒါန်းရန် အမေရိကန်ဒေါ်လာ ၃၁ သန်းလက်ခံရရှိခဲ့တယ် လို့သိရပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာမှာ ဖြစ်ပွားခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းများဟာ ဒီနှစ်အတွင်းမှာ အဆိုးဆုံးဖြစ်ခဲ့ပြီး အီမာ မုန်တိုင်းကြောင့် အမေရိကန် ပိုင်နက်အတွင်း လူပေါင်း ၈၇ ယောက်အထိသေဆုံးခဲ့သလို မာရီယာ မုန်တိုင်းကြောင့် ပွာတိုရီကိုမှာ သေဆုံးသူ ၂၄ ယောက်အထိရှိနေပါတယ်။
ဟာဗေးမုန်တိုင်းကြောင့် ပျက်ဆီးမှုများဟာ ဒေါ်လာ ၁၅၀ ဘီလျံအထိရှိနိုင်ပြီး အီမာမုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ အထိ ပျက်ဆီးခဲ့တယ် လို့ငွေကြေးအဖွဲ့အစည်းများရဲ့ ခန့်မှန်းချက်အရသိရပါတယ်။
ပွာတိုရီကို မှာဆိုရင် လူရာထောင်ပေါင်းများစွာဟာ ရေနဲ့ လျှပ်စစ်မီးပြတ်လပ်မှု ခံစားနေရဆဲဖြစ်ပြီး အမေရိကန်သမ္မတ ထရမ့်ဟာ မုန်တိုင်းသင့် ပွာတိုရီကိုဒေသနဲ့ ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းမှုတွေ အားနည်းတဲ့အတွက် ဝေဖန်ခံနေရပါတယ်။
Ref : BBC News : former presidents appear together
လူမို (ရိုးရာလေး)