တရုတ်နိုင်ငံမှာ မြစ်ရေမျက်နှာပြင်ပေါ် လျှပ်ပြေးတည်ဆောက်ထားတဲ့ ရေပေါ်တံတား

29.8.2024-yyl-6.jpg

တရုတ်နိုင်ငံမှာ မြစ်ရေမျက်နှာပြင်ပေါ် လျှပ်ပြေးတည်ဆောက်ထားတဲ့ ရေပေါ်တံတားဟာ ရင်သပ်ရှုမောဖွယ် အင်ဂျင်နီယာပညာရပ်ကြောင့် အလည်အပတ်သွားသူတွေကြား ရေပန်းစားလျက်ရှိပါတယ်။ ဟူပေပြည်နယ်၊ အန်ရှီးစီရင်စုရဲ့ တောင်တန်းတွေကြားမှာ တည်ရှိတဲ့ ရှီဇီးကွမ်ရှုခင်းသာဟာ သဘာဝအလှအပကြောင့် ကျော်ကြားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

အဲဒါထက် ပိုထူးခြားတာကတော့ ယာဉ်တိမ်းမောက်မှုတွေ မဖြစ်အောင် ဂျာမန်နည်းပညာကို အသုံးပြုတည်ဆောက်ထားတဲ့ ရှီဇီးကွမ် ရေပေါ်တံတားပါပဲ။ မီတာ ၄၀၀ ရှည်လျားတဲ့ ဒီတံတားဟာ ယာဉ်ခံနိုင်ဝန် ၂.၈ တန်ရှိပြီး တစ်ကြိမ်ကို လူ ၁ သောင်းအထိ ဖြတ်သန်းသွားလာနိုင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ယာဉ်သွားလမ်းနဲ့ လူသွားလမ်း နှစ်မျိုးလုံး ပါဝင်ပါတယ်။

ယာဉ် ဖြတ်သန်းမောင်းနှင်နိုင်စေမယ့် တည်ငြိမ်မှုရှိစေဖို့အတွက် ရေဖြည့်ထားတဲ့ သာမိုပလတ်စတစ်ပိုလီမာတွေကို အသုံးပြု တည်ဆောက်ထားတာဖြစ်ပြီး ယာဉ်မောင်းတွေကတော့ တစ်နာရီ ကီလိုမီတာ ၂၀ နှုန်းထက် ပိုမောင်းလို့ မရပါဘူး။ ရေပေါ်မှာ ကားမောင်းရတဲ့ အတွေ့အကြုံခံစားချင်သူတွေက ရှီဇီးကွမ်တံတားကို လာရောက်ကြလေ့ရှိပါတယ်။

ယာဉ်အန္တရာယ်မဖြစ်ပွားစေဖို့အတွက် တစ်လမ်းသွားပဲ တည်ဆောက်ထားပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ခရီးသည် ရှစ်ဦး တင်ဆောင်လာတဲ့ ကားတစ်စီးက ရှီဇီးကွမ်တံတားရဲ့ လက်ရန်းတွေကို ဝင်တိုက်ပြီး ရှင်ကျန်းမြစ်ထဲ ထိုးကျသွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူ ၃ ဦးပဲ အသက်ရှင်လွတ်မြောက်ခဲ့တာပါ။ အဲဒီနောက်မှာ ရှီဇီးကွမ်တံတားကို ယာယီပိတ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လာရောက်လည်ပတ်သူတွေနဲ့ စည်ကားဆဲ စည်ကားမြဲ ဖြစ်ခဲ့ပါတယ်။

Ref: Shiziguan Floating Road Bridge – A Terrifying Wonder of Engineering
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top