ဒေါ်လာ ၁.၆ သန်းတန်ကြေးရှိ ဝိုင်ပုလင်းတွေ ခိုးယူခဲ့တဲ့ စုံတွဲကို ဖမ်းမိ

22-7-2022-04.jpg

ဟိုတယ်ကနေ ဒေါ်လာ ၁.၆ သန်း (မြန်မာငွေ သန်း ၃၅၀၀ ဝန်းကျင်) တန်ကြေးရှိတဲ့ ဝိုင်ပုလင်းတွေ ခိုးယူသွားတဲ့ စုံတွဲကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့စုံတွဲဟာ ဝိုင်ပုလင်းတွေ မခိုးခင် Atrio ဟိုတယ်မှာ ၃ ကြိမ်တိုင်တိုင် လာတည်းပြီး အသေးစိတ် လေ့လာပြင်ဆင်ခဲ့တာပါ။ အမျိုးသမီးက ဆွစ်ဇာလန်နိုင်ငံသားလက်မှတ်အတုနဲ့ ဟိုတယ်ကို လာတည်းခဲ့တာဖြစ်ပြီး ဟိုတယ်ဝန်ထမ်းတွေကလည်း ထုံးစံအတိုင်း ဝိုင်ပုလင်းတွေထားတဲ့အခန်းကို လိုက်ပြခဲ့ပါတယ်။

ဝိုင်ပုလင်းထားရာ အခန်းကနေ ပြန်ထွက်လာပြီး သိပ်မကြာခင်မှာပဲ အမျိုးသားက Master Key နဲ့ ဝိုင်ခန်းကို ဖွင့်ဝင်ကာ ဝိုင်ပုလင်းတွေ ထည့်ထားတဲ့ အိတ် ၃ လုံးနဲ့ ပြန်ထွက်လာခဲ့တာပါ။ ဝိုင်ပုလင်းတွေ မကွဲအောင် ဟိုတယ်က ပေးတဲ့ ပုဝါတွေကို အိတ်ထဲမှာ ထည့်ထားခဲ့ပါတယ်။

အမျိုးသားဖြစ်သူက ဝိုင်ပုလင်းတွေ ခိုးယူနေချိန်မှာ အမျိုးသမီးက ဗိုက်ဆာလို့ စားစရာတစ်ခုခု လုပ်ပေးဖို့ ဟိုတယ်ဝန်ထမ်းတွေကို စောဒကတက်ပြီး အာရုံလွှဲထားခဲ့တာပါ။ အဲဒီအချိန်မှာ စားဖိုဆောင်ပိတ်သွားပြီဖြစ်လို့ ဟိုတယ်ဝန်ထမ်းတွေကလည်း အမျိုးမျိုး ရှင်းပြခဲ့ရပါတယ်။

နောက်နေ့နံနက်မှာ ဝိုင်ပုလင်းတွေ ပျောက်ဆုံးသွားမှန်း ဟိုတယ်ဝန်ထမ်းတွေ သိလိုက်ပေမဲ့ အဲဒီစုံတွဲဟာ နံနက် ၅ နာရီလောက်ကတည်းက ဟိုတယ်ကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဒီဖြစ်ရပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့စုံတွဲက ၉ လကြာ တိမ်းရှောင်နေခဲ့တာပါ။ ဥရောပနိုင်ငံတွေကို လှည့်လည်သွားလာနေလို့ အေးဂျင့်တွေက သူတို့ကို ခြေရာခံမရခဲ့ပါဘူး။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ မွန်တီနီဂရိုး – ခရိုအေးရှားနယ်စပ်မှာ သူတို့စုံတွဲကို ဖမ်းဆီးရမိခဲ့တာပါ။ သူတို့ခိုးယူခဲ့တဲ့ ဝိုင်ပုလင်း ၄၅ ပုလင်းထဲမှာ 1806 Château D’Yquem ဝိုင်ပုလင်းကတော့ တန်ဖိုးအကြီးဆုံးဖြစ်ပြီး ယူရို ၃၁၀,၀၀၀ ဝန်းကျင် တန်ပါတယ်။ဝိုင်ပုလင်းတွေ အခိုးခံရချိန်မှာ ပူးတွဲဟိုတယ်ပိုင်ရှင် ပိုလိုက ဝိုင်ပုလင်းတွေ ပြန်ရဖို့ပဲ အရေးကြီးလို့ သူခိုးတွေထံက ပြန်ဝယ်ရရင်လည်း ပြန်ဝယ်မယ်လို့ ပြောခဲ့ဖူးပါတယ်။

Ref: Two suspects arrested over $1.6M wine heist at Spanish hotel

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top