တရုတ်နိုင်ငံမှာ ပကတိအလား ထင်ရောင်မှားစေတဲ့ ဆီလီကွန်မျက်နှာဖုံးတွေကြောင့် ရာဇဝတ်မှု ထူပြောလာမှာကို စိုးရိမ်နေကြ

15.7.2024-yyl-1.png

ပကတိအလား ထင်ရောင်မှားစေတဲ့ ဆီလီကွန်မျက်နှာဖုံးတွေ အကျယ်တဝင့် ရောင်းချနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမျက်နှာဖုံးတွေစွပ်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာကြောင့်ပါပဲ။ ပြီးခဲ့တဲ့မတ်လအတွင်း ရှန်ဟိုင်းမြို့မှ နေအိမ် ၄ လုံး ဖောက်ထွင်းခံခဲ့ရပြီး ယွမ် ၁ သိန်းကျော် တန်ဖိုးရှိတဲ့ပစ္စည်းတွေ ပါသွားခဲ့ပါတယ်။ အဲဒီအမှုမှာ သံသယရှိသူဟာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဆီလီကွန်မျက်နှာဖုံးတပ်ဆင်ကာ အဘိုးကြီးတစ်ယောက်လို ဟန်ဆောင်သွားခဲ့တာပါ။

ပြီးခဲ့တဲ့လက ကျင်းဆုပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖောက်ထွင်းမှုတွေမှာလည်း ကျူးလွန်သူက ဆီလီကွန်မျက်နှာဖုံး တပ်ဆင်ကာ မီးပြင်သမားတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့တာပါ။ တကယ်လို့ ဆီလီကွန်မျက်နှာဖုံးတွေ ရောင်းချမှုကို မတင်းကြပ်ဘူးဆိုရင် ရာဇဝတ်မှု ထူပြောလာလိမ့်မယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

နောက်ထပ်ပြဿနာတစ်ခုကတော့ ပကတိအလား ခွဲခြားမရအောင်တူတဲ့ ဆီလီကွန်မျက်နှာဖုံးတွေကို အွန်လိုင်းကနေ အလွယ်တကူ ဝယ်ယူရရှိနေတာပါပဲ။ Taobao လို့ အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ ထင်ပေါ်ကျော်ကြားသူတွေရဲ့ မျက်နှာပုံစံ မျက်နှာဖုံးတွေ ရောင်းချနေပြီး အသေးစိတ်ကျကျ ဖန်တီးနိုင်လို့ တထေရာတည်း တူတဲ့အထိပါပဲ။

အဲဒီအတွက် မျက်နှာပြပြီး သူတပါးဖုန်းကို ဖွင့်တာမျိုးတွေ လုပ်နိုင်ပါတယ်။ အရည်အသွေးမြင့် ဆီလီကွန်မျက်နှာဖုံးတစ်ခုဟာ ယွမ် ၂၃၀၀၀ အထိ ကျသင့်နိုင်ပြီး တချို့ဆိုရင် စမတ်ဖုန်းရဲ့ မျက်နှာခွဲခြားမှုစနစ် (facial recognition)ကို မကျော်လွှားနိုင်ရင် မျက်နှာဖုံးဖိုး တပြားမှ မပေးနဲ့ဆိုတဲ့ အာမခံမျိုးနဲ့တောင် ရောင်းချနေကြတာပါ။

Ref: Silicone Face Masks Spark Legal Concerns in China Due to Increase Use in Criminal Activities
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top