ဟောလိဝုဒ်မင်းသား မိုက်ကယ်ဘီဂျော်ဒန်ဟာ မတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၉၈ ကြိမ်မြောက်အကယ်ဒမီဆုပေးပွဲမှာ “Sinners” ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ သူက မင်းသားလီယိုနာဒို ဒီကာပရီရိုနဲ့ မင်းသားတီမိုသီ ချလာမက်တို့ကို ကျော်တက်ပြီးတော့ ဒီဆုကို ရရှိသွားခဲ့တာပါ။
အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုက ဂျော်ဒန်ရဲ့ပထမဆုံးအော်စကာဆု( အကယ်ဒမီဆု) ဖြစ်ပါတယ်။ သူက “Sinners” ဇာတ်ကားရဲ့ဒါရိုက်တာအော်စကာဆုရှင် ရိုင်ယန် ကူးဂလာကို ကျေးဇူးတင်ခဲ့ပြီး ဩချရလောက်စရာပုဂ္ဂိုလ်အဖြစ် ခေါ်ဆိုခဲ့ပါတယ်။

ဂျော်ဒန်ဟာ အရင်က အော်စကာရခဲ့တဲ့ လူမည်းသရုပ်ဆောင်တွေကိုလည်းကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အဲ့ဒီလူတွေကြောင့် သူ အခုလို ဒီစင်မြင့်ထက်မှာ ရပ်နေနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အမေနဲ့ အော်စကာဆုပေးပွဲတက်ရောက်ဖို့ ဂါနာနိုင်ငံကနေ လာခဲ့ရတဲ့ သူ့အဖေကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ သူ့မိဘတွေနဲ့အတူ တက်ရောက်ခဲ့တဲ့သူ့ညီအစ်ကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဂျော်ဒန်က သူ့ကို ပံ့ပိုးအားပေးခဲ့ကြတဲ့သူတွေကို “ကျွန်တော့်အပေါ် လောင်းကြေးထပ်ပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆက်ကြိုးစားသွားပါမယ်။ ကျွန်တော်ရဲ့အကောင်းဆုံးပုံစံအတိုင်း ဆက်ရှိနေပါမယ်”လို့အဆုံးသတ်ပြောကြားသွားခဲ့ပါတယ်။
Ref: ‘Sinners’ star Michael B. Jordan wins best actor Oscar
WL (ရိုးရာလေး)

