ဆယ်ကျော်သက်ကောင်လေးရဲ့ နောက်ဆုံးဆန္ဒအရ နာရေးကို ပြိုင်ကားတွေနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ကြ

yyl-012-10.jpg

မစ်ဆိုရီပြည်နယ်က ကင်ဆာရောဂါနဲ့ သေဆုံးခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ နောက်ဆုံးဆန္ဒက ထူးထူးခြားခြားပါပဲ။ သူ့ရဲ့နောက်ဆုံးဆန္ဒက သူ့ရဲ့နာရေးကို ပြိုင်ကားတွေနဲ့ လိုက်ပါပို့ဆောင်ပေးကြဖို့ပါပဲ။  သူ့ရဲ့လူမှုအသိုင်းအဝိုင်းကလည်း သူ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အသက် (၁၄) နှစ်အရွယ် အဲလက် အင်ဂရမ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက (၄) နှစ်ကျော်လောက် ကင်ဆာရောဂါကို ခံစားခဲ့ရပြီးတဲ့နောက် နိုဝင်ဘာ ၇ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ သူက အရိုးကင်ဆာကို ၂၀၁၅ခုနှစ်ကတည်းက ခံစားခဲ့ရတာဖြစ်ပါတယ်။

ပြိုင်ကားချစ်သူလေးရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် နာရေးကိုမလာခင်မှာ ပြိုင်ကား အစီး (၂၁၀၀) ကျော် နဲ့ မော်တော်ဆိုင်ကယ် အစီး (၇၀) တို့က Six Flags St.Louis ကားပါကင်မှာ စုစည်းခဲ့ကြပါတယ်။ “Sports Cars for Alec” ဆိုတဲ့ အစီအစဉ်ကို ကင်ဆာရောဂါသည် သမီးလေးဆစ်ဒနီကို ဆုံးရှုံးလိုက်ရတဲ့ ဒါနာ ခရစ်ယာန် မန်းလေ (Dana Christian Manley) ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Sydney’s Soldiers Always က စီစဉ်ပေးခဲ့တာပါ။

ကင်ဆာရောဂါကို ခံစားနေရတဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် မိသားစုလိုဖြစ်နေကြတာပါ။ မန်းလေရဲ့အဖွဲ့အစည်းက ရောဂါအပြင်းအထန်ခံစားနေရတဲ့ ကလေးတွေကို စာရင်းမှတ်ထားပြီး ကူညီပေးနေတာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းက အဲလက်လုပ်ချင်ခဲ့တဲ့အရာမရှိဘူးလားလို့ သူ့မိဘတွေကို မေးမြန်းခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းက အဲလက်က ဘာမှမလုပ်နိုင်လောက်အောင် အရမ်းနေမကောင်းဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးဆန္ဒကိုတော့ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ မန်းလေရဲ့ သမီးဆစ်ဒနီ သေဆုံးတဲ့အချိန်က မော်တော်ဆိုင်ကယ် အစီး (၃၅၀၀) နဲ့ နာရေးကို လိုက်ပါပို့ဆောင်ခဲ့ဖူးကြပါတယ်။ အဲလက်က ဆစ်ဒနီကို လိုက်ပါပို့ဆောင်တဲ့ယာဉ်တန်းကို မြင်ပြီး “ဒါ မိုက်တယ်နော်။ ဒါပေမဲ့ ပြိုင်ကားတွေနဲ့ ဆိုရင်ပိုကောင်းလိမ့်မယ်” လို့ ပြောခဲ့တာကြောင့် သူ့ရဲ့နာရေးမှာ အခုလိုစီစဉ်ပေးခဲ့တာပါ။

မန်းလေက ပြိုင်ကားထောင်ပေါင်းများစွာကို စုဆောင်းခဲ့တာဖြစ်ပြီး အဲလက်ရဲ့နာရေးကို လိုက်ပါပို့ဆောင်ဖို့အတွက် ကားမောင်းသမားတွေက ကယ်လီဖိုးနီးယား၊ အင်ဒီယားနားပြည်နယ်၊ မီချီဂန်ပြည်နယ်၊ ဖလော်ရီဒါပြည်နယ်၊ နယူးယောက်ခ်မြို့တွေအပါအဝင် မြို့တွေ၊ ပြည်နယ်တွေကို ဖြတ်ကျော်ပြီး မစ်ဆိုရီပြည်နယ်ကို လာခဲ့ကြတာဖြစ်ပါတယ်။ အဲလက်ရဲ့နာရေးကို လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ လူတွေနဲ့ ကားတွေက အရမ်းများတဲ့အတွက် နှစ်နာရီကျော်လောက် ကားလမ်းပိတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: CNN “A Missouri teen dying of cancer wanted a sports car funeral procession. Thousands helped fulfill his wish”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top