အလုပ်အင်တာဗျူးမှာ အင်တာဗျူး တဲ့သူကို ပြန်မေးသင့်တဲ့မေးခွန်းများ

10-7-2020-yyl-018.jpg

အင်တာဗျူးအတောအတွင်းမှာ ဝန်ထမ်းခန့်အပ်မယ့်သူဟာ အလုပ်လျှောက်ထားသူကို ခန့်အပ်မယ့်အလုပ်နဲ့ ကိုက်ညီမှုရှိမရှိသိရဖို့အတွက် မေးခွန်းတိုင်းဆွဲထုတ်ပြီး မေးကြပါတယ်။ ဒါပေမဲ့ အလုပ်လျှောက်ထားတဲ့ သူအများစုက မေးခွန်းပြန်မမေးကြဘဲ ကြောက်ရွံ့နေတတ်ကြပါတယ်။ အင်တာဗျူးတဲ့သူကို မေးခွန်းပြန်မေးတာဟာ သင်က အလုပ်မှာ ဘယ်လောက်စိတ်ဝင်စားမှုရှိလဲ ဆိုတဲ့လက္ခဏာရပ်တစ်ခုပါပဲ။ ဒါကြောင့် အလုပ်အင်တာဗျူးဖြေတဲ့အခါ အင်တာဗျူးတဲ့သူကို မေးခွန်းပြန်ထုတ်ပေးသင့်ပါတယ်။ ဘယ်လိုမေးခွန်းတွေကို မေးသင့်လဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

တစ်ပတ်မှာ အလုပ်ဘယ်နှစ်ရက် လုပ်ရလဲဆိုတာကို ကျေးဇူးပြုပြီး ပြောပြပေးပါ

သင်ဟာ အင်တာဗျူးတဲ့သူ ဘယ်လောက်မေးခွန်းတွေ ဖြေချင်လဲဆိုတာ မြင်ချင်ရင် ဒါက ပြန်မေးသင့်တဲ့ အကောင်းဆုံးမေးခွန်းပါပဲ။ အလုပ်ခွင်နဲ့ပတ်သက်တဲ့ အလုပ်အကြောင်းကို အနည်းကျဉ်းတော့ သင်သိရှိသွားမှာပါ။ အလုပ်အချိန်ဇယားနဲ့ပတ်သက်ပြီး အလုပ်အချိန်ပိုဆင်းရမဲ့ရက်က ဘယ်ရက်တွေလဲဆိုတာကိုလည်း သိခွင့်ရမှာဖြစ်ပါတယ်။ အဲဒီလိုမေးခွန်းမျိုးမေးမယ်ဆိုရင် သူတို့အလုပ်ရဲ့အလုပ်လုပ်ရမဲ့ရက်တွေက သင့်အတွက် အဆင်ပြေမပြေ၊ ကိုယ်ရေးကိုယ်တာအချိန်တွေကိုလည်း ထိခိုက်လား၊ မထိခိုက်လားဆိုတာကို သိရှိသွားမှာဖြစ်ပါတယ်။

ပထမသုံးလအတွင်းမှာ ကျွန်တော်/ကျွန်မဆီက ဘာတွေ မျှော်လင့်ထားလဲ

ဒီမေးခွန်းကို မေးတာက သင့်အလုပ်ရဲ့ပထမဆုံးလတွေမှာ ပြီးမြောက်ဖို့လိုအပ်တဲ့အရာတွေနဲ့ ဘယ်လိုတွေ ကောင်းကောင်းအလုပ်လုပ်ရမလဲဆိုတာတွေကို သင်သိရမှာဖြစ်ပါတယ်။ သင်က အလုပ်ခွင်ကနေ ဘာတွေသင်ယူရမလဲ၊ သင့်ကို လမ်းပြပေးမဲ့သူရှိလားဆိုတာ သိဖို့ကြိုးစားကြည့်ပါ။ သင့်ဆီက သူတို့မျှော်လင့်ထားတဲ့အရာတွေက သင့်အတွက် အဆင်မပြေဘူးထင်ရင် အလုပ်မရခင်မှာ ပွင့်ပွင့်လင်းလင်းပြောကြည့်လို့ရပါတယ်။ အလုပ်မရခင်ကတည်းက သင့်ဆီက သူတို့မျှော်လင့်ထားတဲ့အရာတွေကို ကြိုသိထားတာပိုကောင်းတဲ့အတွက် အဲဒီလိုမေးခွန်းမျိုးကို အင်တာဗျူးတဲ့သူကို ပြန်မေးသင့်ပါတယ်။

ရေရှည်အတွက် ကျွန်တော်/ကျွန်မဆီက ဘာတွေမျှော်မှန်းထားလဲ

အချိန်တိုအတွက် မျှော်လင့်ထားတဲ့အရာတွေကို မေးပြီးရင် ရေရှည်အတွက် မေးမြန်းကြည့်ဖို့ အချိန်ကျလာပါပြီ။ အင်တာဗျူးတဲ့သူရဲ့ တာဝန်ယူနိုင်မဲ့အပိုင်းနဲ့ သင့်ရဲ့အလုပ်ရှေ့ရေးအတွက် ဘယ်လိုအလုပ်တွေ သတ်မှတ်ပေးထားလဲဆိုတာကို သေချာသိအောင်လုပ်ရပါမယ်။ အရေးကြီးဆုံးကတော့ ဒီအလုပ်သစ်က အောင်မြင်မှုလှေကားကို တက်နိုင်အောင်၊ ရည်မှန်းချက်ရောက်အောင် ကူညီပေးနိုင်ဖို့ပါပဲ။ သူတို့ သင့်ဆီက ရေရှည်အတွက် မျှော်မှန်းထားတဲ့ အရာက သင့်ရှေ့ရေးအတွက် အကူအညီဖြစ်လား မဖြစ်လားသိရအောင် ဒီမေးခွန်းကို မေးသင့်ပါတယ်။

လျှောက်ထားတဲ့ရာထူးအတွက် အလုပ်စိန်ခေါ်မှုတွေက ဘာတွေလဲ

တချို့အလုပ်တွေက Job Description ကို ဖော်ပြမထားတဲ့အတွက် အလုပ်နဲ့ပတ်သက်ပြီး လုပ်ရမဲ့ အသေးစိတ်အချက်အလက်တွေကို မသိရှိကြရပါဘူး။ ဒါ့အပြင် တချို့အင်တာဗျူးတဲ့သူတွေက Job Description ကိုတောင် မပြောပြကြပါဘူး။ သင်က အဲဒီမေးခွန်းကို မေးမှသာ အလုပ်အကြောင်းသိရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ မသိခဲ့ဘူးဆိုရင် လက်ရှိအလုပ်နဲ့ မသက်ဆိုင်တဲ့အလုပ်တွေကိုလည်း သင့်ကို ခိုင်းပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုများလားမများလားဆိုတာလည်း မသိရှိရဘဲ ဖြစ်နေပါလိမ့်မယ်။ အလုပ်ခွင်မှာ စိန်ခေါ်မှုများလေလေ တက်လမ်းများလေလေပါပဲ။

ဒီမှာ အလုပ်လုပ်ရတာနဲ့ပတ်သက်ပြီး ဘာကြိုက်လဲ

ဒီမေးခွန်းကို မေးလိုက်ရင်တော့ အင်တာဗျူးတဲ့သူ အံ့သြသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ကောင်းတဲ့ဘက်ကနေ မေးတဲ့မေးခွန်းပါပဲ။ အင်တာဗျူးတဲ့သူက အလုပ်နဲ့ပတ်သက်ပြီး သူတကယ်ကြိုက်တဲ့ အရာတွေအကြောင်း ချက်ချင်းပြောတယ်ဆိုရင် ဒါက သူ ဒီအလုပ်မှာ တကယ်ပျော်တယ်ဆိုတာကို ရည်ညွှန်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းကို ဖြေဖို့ အချိန်ယူနေရတယ်ဆိုရင် အခုအလုပ်ကို ရခဲ့ရင် လုပ်သင့်မလုပ်သင့် ပြန်စဉ်းစားဖို့လိုနေပါပြီ။

ကုမ္ပဏီရဲ့အလုပ်ပတ်ဝန်းကျင်က ဘယ်လိုမျိုးလဲ

ဒီမေးခွန်းကို မေးတာက ကုမ္ပဏီတစ်ခုလုံးရဲ့ အလုပ်သဘောကို နားလည်သွားဖို့အတွက် အကူအညီဖြစ်စေမှာပါ။ အလုပ်ခွင်မှာ စည်းကမ်းတင်းကျပ်လား၊ ဝန်ထမ်းတွေက ဖော်ရွေရဲ့လား၊ မိသားစုပုံစံမျိုးလား၊ အဖွဲ့လိုက်ပုံစံမျိုးလားဆိုတာကို သိရဖို့အတွက် ဒီမေးခွန်းကို မေးသင့်ပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုက အလုပ်ပတ်ဝန်းကျင်မတူကြပါဘူး။ ဒီကုမ္ပဏီက သင့်အလုပ်စတိုင်နဲ့ ကိုက်ညီမှုရှိမရှိ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီရာထူးအတွက် နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့ သူကရော ဘယ်လိုလဲ

အင်တာဗျူးပြီးခါနီးကြရင် ဒီမေးခွန်းက မေးကြည့်လို့ရပါတယ်။ အရင်လုပ်ခဲ့တဲ့သူဟာ ဘယ်လောက်ကြာကြာ အလုပ်လုပ်ခဲ့လဲ၊ ဘာကြောင့် အလုပ်ထွက်သွားတာလဲဆိုတာကို နည်းနည်းသိရဖို့ ကြိုးစားကြည့်တဲ့သဘောပါပဲ။ သင် လျှောက်ထားတဲ့ရာထူးနေရာမှာ အလုပ်လုပ်ခဲ့တဲ့သူက လအနည်းငယ်သာ အလုပ်လုပ်ခဲ့တယ်ဆိုရင် သင့်အတွက် ဒီအလုပ်ကိုလုပ်သင့်မလုပ်သင့် စဉ်းစားစရာတော့ဖြစ်လာပါပြီ။

Ref: smart questions you should ask in a job interview to impress the interviewer


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top