ဖခင်ဆီကနေ ၂၈ နှစ်တာ ရရှိခဲ့တဲ့ မွေးနေ့လက်ဆောင်တွေကိုရောင်းပြီး အိမ်ဝယ်မယ့်သူ

8-9-2020-yyl-002.jpg

မွေးနေ့မှာ ဝီစကီပုလင်းကို လက်ဆောင်အနေနဲ့ ရရှိခဲ့မယ်ဆိုရင် သင် ဘယ်လိုလုပ်မလဲ။ သိမ်းမထားဘဲ ရတဲ့နေ့မှာပဲ သောက်ပစ်မှာမလား။ အင်္ဂလန်နိုင်ငံက Taunton ဆိုတဲ့မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကတော့ နှစ်တိုင်းမွေးနေ့လက်ဆောင်အနေနဲ့ သူ့ဖခင်ဆီကနေ ဝီစကီပုလင်းကို ရရှိခဲ့တာပါ။ သူက အဲဒီဝီစကီပုလင်းတွေကို သိမ်းထားခဲ့ပြီး အခုတော့ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ဖို့အတွက် ရောင်းချနေပါတယ်။ အဲဒီအမျိုးသားက ၁၉၉၂ခုနှစ်ဖွား မက်သရူး ရော့ဆန် (Matthew Robson) ဖြစ်ပြီး သူ့ဘဝဖြတ်သန်းလာတဲ့ တစ်လျှောက်မှာ သူ့အဖေ ပီတီက သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် Macallan ဝီစကီ (၂၈) ပုလင်းကို ပေးဖို့ ပေါင် ၅၀၀၀ ကုန်ကျခံခဲ့ရပါတယ်။ အခုဆိုရင် အဲဒီပုလင်းတွေက ပေါင် (၄၀,၀၀၀) ကျော်တန်ဖိုးရှိနေပြီး ရောင်းချလို့နေပါတယ်။

အသက် (၂၈) နှစ်အရွယ် မက်သရူးက “ဒါက လူငယ်တစ်ယောက်အတွက် သေချာပေါက် အကောင်းဆုံးလက်ဆောင်မဖြစ်ပါဘူး။ ဒါပေမဲ့ ဒါတွေကို ဘယ်တော့မှ ဖွင့်မသောက်ရဘူးဆိုတဲ့ တင်းကျပ်တဲ့စည်းမျဉ်းနဲ့ အတူ ဒီပုလင်းတွေက အသိုက်ဥလို့ဖြစ်လာခဲ့ပါတယ်။ နှစ်တိုင်း မွေးနေ့လက်ဆောင်အဖြစ် ဝီစကီပုလင်းကို ရရှိခဲ့တာပါ။ ကျွန်တော်က အရက်သေစာသောက်ဖို့အတွက် အရမ်းငယ်နေတဲ့အတွက် အတော်လေး ထူးခြားတဲ့လက်ဆောင်လို့ကျွန်တော် တွေးခဲ့တာပါ။ ဒါပေမဲ့ ဘယ်တော့မှာ ဝီစကီတွေကို ဖွင့်မသောက်ရဘူးဆိုတဲ့ စည်းမျဉ်းတွေနဲ့အောက်မှာ ရှိနေခဲ့တာပါ။ ကျွန်တော်တို့ ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့တယ်။ ပုလင်းတွေအားလုံး ခြေရာလက်ရာမပျက်ပါဘူး”လို့ ပြောပါတယ်။

မက်သရူးရဲ့ဖခင် ပီတီက သူ့သားအတွက် ဝယ်ခဲ့တဲ့ ပထမဆုံးပုလင်းက ၁၉၇၄ ဝီစကီဖြစ်တယ်လို့ ပြောပါတယ်။ “နှစ်တိုင်း တစ်ခုခုဝယ်ပေးခဲ့ရင် စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ ကျွန်တော်တွေးခဲ့တာ။ သားရဲ့ (၁၈) နှစ်ပြည့်မွေးနေ့ရောက်တော့ ဝီစကီ (၁၈) ပုလင်းပြည့်အောင် ပေးနိုင်ခဲ့ပါတယ်။ လက်ဆောင်အနေနဲ့ ကျွန်တော့်ဆီက ရတာဒီတစ်ခုတည်းမဟုတ်ပါဘူး။ ဒီပုလင်းတွေကတော့ ထူးခြားတဲ့လက်ဆောင်ပေါ့။ “လို့ ဖခင် ပီတီက ပြောပါတယ်။

မက်သရူးက ၂၈ နှစ်တာ မွေးနေ့လက်ဆောင်အဖြစ် စုဖြစ်ခဲ့တဲ့ Macallan ဝီစကီပုလင်းတွေကို ပေါင် ၄၀,၀၀၀ နဲ့ ရောင်းချဖို့စီစဉ်နေပြီး အိမ်ဝယ်ဖို့အတွက် ဒီငွေတွေကို အသုံးပြုဖို့ဖြစ်ပါတယ်။ Macallan အမျိုးအစားဝီစကီတွေက လွန်ခဲ့တဲ့ (၅) နှစ်ကနေ (၁၀) နှစ်အတွင်းမှာ ဈေးနှုန်း တော်တော်မြှောက်လာခဲ့ပြီး နယူးယောက်နဲ့အာရှနိုင်ငံတွေက အများဆုံးဝယ်ယူကြတယ်လို့ သိရပါတယ်။

Ref: BBC “Son sells 28 years of birthday whisky to buy first home”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top