စိတ်ပိုင်းဆိုင်ရာ ထက်မြက်လာစေမယ့် ဦးနှောက်လေ့ကျင့်ခန်းများ

8-9-2020-yyl-005.jpg

ဦးနှောက်ဟာ လူ့ကိုယ်ခန္ဓာမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်စနစ်အားလုံးကို ထိန်းချုပ်နေတဲ့အပြင် မှတ်သားသင်ယူခြင်း၊ အာရုံစူးစိုက်ခြင်း၊ တွေးခေါ်ခြင်း စတဲ့အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုလည်း အချိန်ပြည့်ဆောင်ရွက်နေပါတယ်။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ ဦးနှောက်ကို ဘယ်လိုအသုံးချတယ်ဆိုတာ အရေးကြီးပါတယ်။

တကယ်တော့ သင့်ရဲ့ဦးနှောက်ကို လေ့ကျင့်ယူနိုင်ပါတယ်။ ဦးနှောက်ကို အချိန်ပေးလေ့ကျင့်ခြင်းအားဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေလည်း တိုးတက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမှာကတော့ သင့်ဦးနှောက်ကို အကျိုးရှိစေမယ့် လေ့ကျင့်ခန်းအချို့ ဖြစ်ပါတယ်။

Jigsaw အရုပ်ဆက်ပါ

ဒီနည်းဟာ ကလေးကလားနိုင်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပဲ ဦးနှောက်အတွက် အကျိုးဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ Jigsaw အကွက်လေးများကို သူလိုချင်တဲ့ရုပ်ပုံကိုရအောင် စီနေချိန်မှာ သင့်ဦးနှောက်ဟာ အမြင်အာရုံကိုရော သိမြင်မှတ်သားမှုကိုပါ အသုံးချနေရပါတယ်။ ဦးနှောက်ကို အလုပ်ပေးရုံသာမကဘဲ သင့်စိတ်ကိုပါ လန်းဆန်းစေနိုင်မယ့် နည်းလမ်းတခုလို့ သုတေသီများက ဆိုပါတယ်။

ဖဲချပ်ဂိမ်းများဆော့ပါ

ကွန်ပျူတာဝင်းဒိုးတိုင်းမှာပါဝင်တဲ့ ဂိမ်းလေးတွေကို သင်သိမှာပါ။ ဖဲချပ်ဂိမ်း၊ အရုပ်ဆက်ဂိမ်းစသဖြင့် မျိုးစုံရှိပါတယ်။ ဒီကစားနည်းလေးတွေဟာ သိပ်ပြီးကြီးကျယ်တယ်မထင်ရပေမယ့် သင့်ဦးနှောက်ကို နှိုးဆွနိုင်တာတော့ အမှန်ပါပဲ။ solitaire၊ poker၊ hearts အစရှိတဲ့ သင့်ပီစီထဲက ဂိမ်းလေးများဟာ သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

ဝေါဟာရများမှတ်သားပါ

ဝေါဟာရကြွယ်ဝခြင်းဟာ ကိုယ်ရည်ကိုယ်သွေးအားသာတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဝေါဟာရအသစ်များကို လေ့လာခြင်းဟာ သင့်ဦးနှောက်ကို နှိုးဆွပေးရာရောက်ပါတယ်။ သုတေသနတွေအရ ဝေါဟာရအသစ်ကို မှတ်သားတည်ဆောင်ဖို့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများကို အလုပ်ပေးရပါတယ်။ သင် မကြားဖူးတဲ့ စကားလုံး အသစ်အဆန်းဆိုရင် ရေးမှတ်ပါ။ ဘယ်နေရာမှာ သုံးသလဲ လေ့လာပါ။ ကိုယ်တိုင် အသုံးချနိုင်အောင် ကြိုးစားပါ။ ဒါဟာ သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းပါပဲ။

ကခုန်ပါ

သီချင်းသံများနဲ့ ကခုန်လှုပ်ရှားချိန်မှာ သင့်ဦးနှောက်ဟာ သင့်ရဲ့အမြန်နှုန်း၊ လှုပ်ရှားပုံ၊ ယခင်က ကခုန်ဖူးတဲ့ မှတ်ဉာဏ် စတာတွေအားလုံးအတွက် အလုပ်လုပ်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော ဦးနှောက်ပိုင်းဆိုင်ရာအတွက်ပါ တိုးတက်ကောင်းမွန်စေပါတယ်။

ဆိုပါတီးပါ

ဂီတကို ကျွမ်းဝင်အောင် လေ့လာခြင်းဟာလည်း သင့်ဦးနှောက်ကို ထက်မြက်စေမယ့် နည်းလမ်းတခုဖြစ်ပါတယ်။ သီချင်းကို စိတ်ပါလက်ပါ ဆိုညဉ်းခြင်းဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။ တူရိယာများကို တီးမှုတ်တတ်အောင်ပါ လေ့ကျင့်ခြင်းဟာလည်း သိမြင်မှတ်သားမှု၊ ခြေလက်များလှုပ်ရှားမှု၊ မှတ်ဉာဏ် စတာတွေအားလုံးကို အလုပ်ပေးရတာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။

စွမ်းရည်အသစ်တစ်မျိုးရအောင်လုပ်ပါ

ရှိရင်စွဲစွမ်းရည်များအပြင် တခါမှ မတတ်မြောက်ဖူးတဲ့ အရာတခုခုကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားခြင်းဟာ သင့်ဦးနှောက်ကို ထက်မြက်စေပါတယ်။ ဒီနည်းလမ်းဟာ လူကြီးပိုင်းတွေအတွက်လည်း အကျိုးရှိစေပါတယ်။ ကားပြင်တာမျိုး၊ ဆော့ဖ်ဝဲအသစ်ကို သုံးကြည့်တာမျိုး၊ ဆိုင်ကယ်စီးတာမျိုး စတဲ့ကိစ္စတွေကို လေ့ကျင့်သင်ကြားခြင်းဟာ သင့်ကိုယ်သင် ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ရာလည်း ရောက်ပါတယ်။

တခြားသူကို စွမ်းရည်အသစ် သင်ကြားပေးခြင်း

သင့်ရဲ့ဦးနှောက်စွမ်းရည်ကို တိုးတက်စေမယ့် နည်းလမ်းကောင်းတခုကတော့ တဦးဦးကို အကြောင်းအရာသစ်၊ စွမ်းရည်သစ်တခုခု သင်ကြားပေးခြင်း ဖြစ်ပါတယ်။ တဦးဦးကို သင့်အနေနဲ့ သင်ကြားတော့မယ်ဆိုရင် အဆိုပါအကြောင်းအရာကို သင့်အနေနဲ့ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။ တဖက်သား သဘောပေါက်အောင် ရှင်းပြနိုင်စွမ်းရှိဖို့လည်း လိုပါတယ်။

ဘာသာစကားအသစ်လေ့လာပါ

ဘာသာစကားအသစ် တစ်မျိုးမျိုးကို လေ့လာဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ ဘာသာစကားအသစ်ကို သင်ယူခြင်းဟာ သိမြင်မှတ်သားမှုစွမ်းရည်ကို တိုးတက်စေတဲ့အပြင် ဖန်တီးမှုစွမ်းရည်ကိုပါ တိုးတက်စေပါတယ်။ အသက်အရွယ်ကြီးလို့ဖြစ်လာတဲ့ မှတ်ဉာဏ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ဖြစ်နိုင်ခြေ လျော့စေပါတယ်။

လမ်းကြောင်းအသစ်သုံးပါ

သင့်ရဲ့တနေ့တာလှုပ်ရှားသွားလာမှုကို ပုံစံအသစ်နဲ့ ဆောင်ရွက်ကြည့်ပါ။ ဥပမာ ရုံးသွားနေကြလမ်းကြောင်းကို ပြောင်းကြည့်ပါ။ ကားစီးနေရာကနေ ရထားပြောင်းစီးကြည့်ပါ။ လမ်းကြောင်းအသစ်မှာ တွေ့ကြုံရတာကို မြင်တွေ့ရတာကို မှတ်သားပါ။ ဒီနည်းဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သင့်ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ရာရောက်သလို တွေးခေါ်သိမြင်ပုံမှာလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

တရားထိုင်ပါ

တရားထိုင်ခြင်းဟာ သင့်ကို စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ မှတ်ဉာဏ်ကိုလည်း ရင့်သန်စေပြီး ဦးနှောက်လုပ်ငန်းစဉ်တွေကိုလည်း ပိုမိုချောမွေ့စေပါလိမ့်မယ်။ အေးချမ်းဆိတ်ငြိမ်တဲ့ တစ်နေရာရာမှာ နေ့စဉ် ဆယ့်ငါးမိနစ်ခန့် တရားထိုင်သင့်ပါတယ်။

သင့်ပတ်ဝန်းကျင်ကို အာရုံစိုက်ပါ

သင်ဘယ်နေရာကိုရောက်ရောက် ဘယ်သူနဲ့ စကားပြောပြော သင့်ဝန်းကျင်ကို ဂရုစိုက်ပါ။ တံခါးဘယ်နှပေါက်ရှိသလဲ၊ ခန်းဆီး ဘာအရောင်လဲ စသဖြင့် မှတ်သားပါ။ သင်နဲ့ စကားပြောနေသူဟာ အင်င်္ကျီဘာအရောင်ဝတ်ထားသလဲ၊ မျက်မှန်ပါသလား စသဖြင့် မှတ်သားပါ။ ဒီနည်းလမ်းဟာ ရေရှည်မှာ သင့်ဦးနှောက်ကို နှိုးဆွပေးပြီး မှတ်ဉာဏ်ရင့်သန်စေမယ့် နည်းလမ်းဖြစ်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top