မြန်မာနိုင်ငံငလျင်ဘေးအတွက် ငွေကြေးလှူဒါန်းကြတဲ့ တောင်ကိုရီးယားအနုပညာရှင်တချို့

korean-artist.jpg

Goblin ဇာတ်လမ်းတွဲနဲ့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီးချော ကင်ဂိုအွန်ဟာ မြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့သူတွေအတွက် ငွေကြေးလှူဒါန်းခဲ့ပါတယ်။ ဂိုအန်က ငလျင်ဘေးသင့်ခဲ့ရတဲ့ ဒေသခံတွေနဲ့ ကလေးတွေကို ထောက်ပံ့ဖို့ ဝမ် သန်း ၅၀ (ဒေါ်လာ ၄၂၀၀၀) လှူဒါန်းခဲ့တယ်လို့ NGO Good Neighbors က ဧပြီ ၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။ ဒီလှူဒါန်းမှုကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ တခဏအတွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာပြည်သူတွေအကြောင်းကြားရတာ စိတ်မကောင်းဖြစ်ရပါတယ်။ ဝမ်းနည်းကြေကွဲပူဆွေးနေရတဲ့ ငလျင်ဒဏ်သင့်ဒေသတွေက ဒေသခံတွေကို ကျွန်မ အားပေးပံ့ပိုးပေးလိုက်ရပါတယ်”လို့လည်း ကင်ဂိုအွန်က ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားမိန်းကလေးအဆိုအဖွဲ့ (G)-IDLE ရဲ့အဖွဲ့ဝင် မင်းနီကလည်း မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ငလျင်ဘေးအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ အခုလိုလှူဒါန်းဆိုတဲ့အကြောင်းကို The Korean Red Crossဟာ ဧပြီ ၁ ရက်နေ့က ပြောခဲ့တာပါ။

“ထိုင်းနဲ့ မြန်မာမှာ ငလျင်ဒဏ်ခံစားနေရတဲ့လူတွေရဲ့သတင်းကို ကြားရတာ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံက ကျွန်မရဲ့မွေးရပ်မြေဖြစ်တာကြောင့် ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။ နည်းနည်းလေးဖြစ်ဖြစ် ငွေအင်အားထည့်ချင်တာကြောင့် လှူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ထိခိုက်ခဲ့တဲ့နေရာတွေ အမြန်ဆုံးပြန်ကောင်းလာဖို့နဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေက ဘေးကင်းတဲ့ နေ့စဉ်ဘဝတွေ ပြန်ဖြစ်လာဖို့ မျှော်လင့်ပါတယ်”လို့ မင်းနီက ပြေကြားထားပါတယ်။

The Korean Red Cross က မင်းနီရဲ့ အလှူငွေတွေကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက ငလျင်ဒဏ်က ပြန်လည်ထူထောင်နိုင်ဖို့ အသုံးပြုသွားမှာပါ။ အထူးသဖြင့် ငလျင်ဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးထောက်ပံ့ရေးနဲ့ ယာယီနေထိုင်ရေးအထောက်အပံ့တွေအတွက် အသုံးပြုသွားဖို့ စီစဉ်ထားပါတယ်။

မင်းသားချော အင်စီဝမ်ကလည်း မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ကလေးတွေအတွက် ဝမ် သန်း ၃၀ လှူဒါန်းခဲ့တာပါ။ The Korean Committee of UNICEF က အင်စီဝမ်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ကလေးတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးကမ်ပိန်းမှာ ပါဝင်ခဲ့ပြီး ရန်ပုံငွေ ဝမ် သန်း ၃၀ ထည့်ဝင်ခဲ့ပါတယ်လို့ မတ်လ ၃၁ ရက်နေ့က ကြေညာခဲ့တာပါ။ ဒီရန်ပုံငွေတွေကို မြန်မာနိုင်ငံက ငလျင်ဒဏ်သင့် ကလေးသူငယ်တွေအတွက် အာဟာရ၊ သောက်သုံးရေ၊ တစ်ကိုယ်ရေးသန့်ရှင်းမှု၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတွေစတဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အပြည့်အဝအသုံးပြုသွားမှာဖြစ်ပါတယ်။

“အခုအချိန်မှာ အိုးအိမ်တွေဆုံးရှုံးခံရတဲ့ ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ နောက်ထပ်ပျက်စီးဆုံးရှုံးမှုတွေမရှိဘဲ အားလုံးဘေးကင်းဖို့ မျှော်လင့်ပါတယ်”လို့လည်း အင်စီဝမ်က ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

Ref: South Korean Actress Kim Go-eun Donates to Myanmar Earthquake Relief Efforts

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top