တောင်ကိုရီးယားရဲတပ်ဖွဲ့က ကမ္ဘာကျော်အဆိုအဖွဲ့ BTS မွေးထုတ်ပေးရာ HYBE ကုမ္ပဏီ (Big Hit Entertainment) ဥက္ကဌ ဘန်စီဟော့ခ်ကို ခရီးသွားလာခွင့်ပိတ်လိုက်ပါပြီ။ ဘန်စီဟော့ခ်ဟာ Capital Markets အက်ဥပဒေချိုးဖောက်မှုစွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရတာပါ။
ဆိုးလ်မြို့တော်ရဲအေဂျင်စီရဲ့ ဘဏ္ဍာရေးရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဘန်စီဟော့ခ် ကို နိုင်ငံကနေ ထွက်ခွာခြင်းမလုပ်ဖို့ တားမြစ်ခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဘန်စီဟော့ခ်က HYBE ရဲ့ IPO (Initial Public Offering – စတော့ဈေးကွက်ပေါ်တင်ခြင်း) မတိုင်ခင် ၂၀၁၉ ခုနှစ်မှာ ရှယ်ယာရှင်တွေကို အထင်အမြင်လွဲမှားစေခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဘန်စီဟော့ခ်က ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားခဲ့တာတောင် လက်ရှိရှိနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို IPO အစီအစဉ်မရှိဘူးလို့ ပြောခဲ့တယ်။ ရှယ်ယာရှင်တွေကို HYPE အမှုဆောင်အရာရှိတွေ တည်ထောင်ထားတဲ့ ပုဂ္ဂလိဂအစုရှယ်ယာရန်ပုံငွေက ဖန်တီးခဲ့တဲ့ Special Purpose Company (SPC) ဆီ ရှယ်ယာတွေရောင်းချဖို့ ဆွဲဆောင်ပြောဆိုခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲပြောဆိုထားပါတယ်။
SPC က HYPE စာရင်းဝင်ပြီးနောက် ရှယ်ယာတွေကို ရောင်းချခဲ့ပြီး ရောင်းချတာကရတဲ့ အမြတ်ငွေ ၃၀ ရာခိုင်နှုန်းက HYPEရဲ့ အကြီးဆုံးရှယ်ယာရှင်ဆီ ရောက်သွားမယ်လို့ သတ်မှတ်ထားတဲ့ အစုရှယ်ယာရှင်သဘောတူညီချက်အရ ဘန်စီဟော့ခ်က ဝမ် ၁၉၀ ဘီလျံ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃၈ သန်း) ရရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးသမားတွေက ယုံကြည်ထားပါတယ်။
HYPE က စာရင်းသွင်းချိန်မှာ သက်ဆိုင်ရာဥပဒေတွေ၊ စည်းမျဉ်းတွေအားလုံးကို လိုက်နာခဲ့တယ်လို့ ပြောဆိုထားပြီး ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ပြည်တွင်းထောက်လှမ်းရေးကတဆင့် ဒီအမှုကို သိရှိခဲ့ပြီး ပထမစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာပါ။ Korea Exchange ကို ဇွန်လ ၃၀ ရက်နေ့က စီးနင်းဝင်ရောက်စစ်ဆေးခဲ့သလို ဇူလိုင် ၂၄ ရက်နေ့က HYBE ရုံးချုပ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဘန်စီဟော့ခ်က သံသယရှိသူအဖြစ် စက်တင်ဘာ ၁၅ ရက်ကနေ စက်တင်ဘာ ၂၂ ရက်နေ့အထိ စစ်ဆေးမေးမြန်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
Ref: South Korean police impose travel ban on HYBE chairman Bang Si Hyuk
WL (ရိုးရာလေး)

