သွေးမတော်သားမစပ်ဘဲ ရုပ်တူတဲ့သူတွေကို ရှာပြီးဓာတ်ပုံရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာ

5-5-2020-yyl-026.jpg

နာမည်တူမရှားလူတူမရှားဆိုတဲ့ စကားသိပ်မှန်ပါတယ်။ ကျွန်တော်တို့နဲ့ နာမည်တူတဲ့သူလည်းရှိသလို ရုပ်ချင်းတူတဲ့သူလည်းရှိပါတယ်။ အဲဒီစကားကို ကနေဒါလူမျိုးဓာတ်ပုံဆရာက သက်သေပြလို့နေပါတယ်။ ကနေဒါလူမျိုးဓာတ်ပုံဆရာ ဖရန်ကိုစစ် ဘရူနယ်လီက သွေးမတော်သားမစပ်ဘဲ ရုပ်အရမ်းတူတဲ့သူတွေကို ရိုက်ကူးထားတဲ့ “I’m not a look-alike” လို့အမည်ရတဲ့ ဓာတ်ပုံတွေကို စီးရီးလိုက်ထွက်ရှိပေးခဲ့ပါတယ်။ ဖရန်ကိုစစ်က သူ့အသက် ၁၈ နှစ်မှာ ဓာတ်ပုံဆရာအဖြစ်စတင်လုပ်ကိုင်ခဲ့တဲ့အချိန် ၁၉၆၈ ခုနှစ်တကည်းက လူသားတွေရဲ့မျက်နှာကို လေ့လာနေခဲ့တာဖြစ်ပါတယ်။

ပထမတော့ ဖရန်ကိုစစ်က ခရီးထွက်ရင်းနဲ့ သူ့ဓာတ်ပုံတွေအတွက် မော်ဒယ်တွေကို ရှာနေခဲ့တာပါ။ နှစ်တော်တော်ကြာမှာ ဖရန်ကိုစစ်က တီဗီအင်တာဗျူးတွေ၊ မဂ္ဂဇင်းတွေ၊ ဝက်ဆိုက်မီဒီယာတော်တော်များများမှာ ပါဝင်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူတွေဟာ သူ မော်ဒယ်ရှာစရာမလိုအောင်လာရောက်ဆက်သွယ်ခဲ့ကြသလို သူ့ရဲ့ပရောဂျက်ကို ကူညီပေးနေခဲ့ကြပါတယ်။

ဖရန်ကိုစစ်က ဘာမှမတော်စပ်ဘဲ ရုပ်တူတဲ့သူတွေကို ရှာပြီး ဓာတ်ပုံရိုက်တဲ့ပရောဂျက်ကို ၂၀၀ဝပြည့်နှစ်မှာ စတင်ခဲ့ပြီး အဲဒီကတည်းက ရုပ်တူတဲ့သူ အတွဲ(၂၅၀)ကိုရိုက်ကူးနိုင်ခဲ့ပါတယ်။ မော်ဒယ်တွေက ကမ္ဘာတစ်ဝှမ်းကနေ လာကြတာဖြစ်ပြီး ဖရန်ကိုစစ်က သူတို့ကို အမျိုးအစား (၂) မျိုး သတ်မှတ်ထားပါတယ်။ “တချို့လူတွေက အချင်းချင်းသိပြီးသားဖြစ်ပြီး သူတို့ ကျွန်တော်တို့ဆီရောက်တဲ့အချိန်မှာ တစ်ခါတရံ သူတို့ ပျော်ရွှင်စွာနေထိုင်တဲ့နှစ်တွေရှိခဲ့ပါတယ်။ သူတို့အတွက် ဒါကို မျက်မြင်ကိုယ်တွေ့မြင်ခွင့်ရတာ ပျော်စရာကောင်းပါတယ်။

တချို့လူတွေက အခုမှတွေ့ဖူးကြတာဖြစ်ပါတယ်။ သူတို့က တအံ့တသြဖြစ်ကြပါတယ်။ သူတို့နဲ့ ရုပ်တူတဲ့သူကို တွေ့ဆုံရတဲ့အတွက် ကြည်နူးစရာကောင်းပါတယ်။ သူတို့က လုံခြုံသလို ခံစားရတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလိုခံစားရပါတယ်။ အခြားသူတွေရဲ့အကြောင်းကို သိချင်မိကြပါတယ်။ တချို့ကို အဲဒီအမျိုးအစားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အနည်းငယ်ကသာ သူငယ်ချင်းအဖြစ် ကျန်ရှိနေတာပါ” လို့ ဓာတ်ပုံဆရာဖရန်ကိုစစ်က ပြောပါတယ်။

ဖရန်ကိုစစ်က ဒီပရောဂျက်ကို လုပ်ဆောင်နေခဲ့တာ နှစ် (၂၀) ရှိနေပေမဲ့ ဒီလိုရုပ်တူတဲ့ကိစ္စကို ဇဝေဇဝါဖြစ်နေတုန်းပါပဲ။ သူက လူသားအားလုံးတူညီကြတာကို သိပေမဲ့ ရုပ်ရည်အသွင်အပြင်က သွေးမတော်သားမစပ်ဘဲ အရမ်းတူရလောက်အောင် ဘယ်လိုပြောင်းလဲနေတာလဲဆိုတာကို တအံ့တသြဖြစ်နေရတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက ဓာတ်ပုံဆရာဖရန်ကိုစစ်နဲ့ ရုပ်တူတဲ့သူဟာ သူ့ရဲ့မြို့မှာ ရှိနေပါတယ်။ အဲဒီလူက လူသိများတဲ့မင်းသားဖြစ်ပါတယ်။ “ကျွန်တော်တို့ အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို သွားတဲ့အခါမှာ လူတွေက သူ့ကို မင်းသားလို့ခေါ်နေကြတာပါ။ ဒါက ရယ်စရာကောင်းသလို စားသောက်ဆိုင်မှာ နေရာကောင်းရခဲ့တဲ့အတွက် ကောင်းတယ်လို့ ကျွန်တော်တွေးမိခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ဓာတ်ပုံဆရာဖရန်ကိုစစ်က သူ့ပရောဂျက်ရဲ့အကျိုးသက်ရောက်မှုအကြောင်းကို မစဉ်းစားဘဲမနေနိုင်ဘူးဖြစ်နေပါတယ်။ “ကမ္ဘာကြီးက လက်ရှိမှာ ခက်ခဲတဲ့အချိန်တွေဖြစ်နေပါတယ်။ ကျွန်တော့်ရဲ့အလုပ်က အားလုံးအရေးကြီးရဲ့လားလို့ စဉ်းစားမိနေပါတယ်။ ကျွန်တော် ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ပုံတွေက အားလုံးပြီးသွားရင် ကျွန်တော်တို့က ဘာတွေလဲဆိုတာနဲ့ ကျွန်တော်တို့သွားနေတဲ့နေရာကို အလေးအနက်ထားစဉ်းစားဖို့အတွက် ကူညီနိုင်မယ်လို့ ဆန္ဒပြုပါတယ်။

ကျွန်တော်လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျွန်တော့်ရဲ့အလုပ်လုပ်ဖို့၊ ပုံတွေကို ဖန်တီးဖို့ပါပဲ” လို့ ဖရန်ကိုစစ်က ပြောပါတယ်။ စာဖတ်ပရိသတ်တွေလည်း ဓာတ်ပုံဆရာဖရန်ကိုစစ်ရဲ့ဓာတ်ပုံတွေကို မြင်ပြီး ဘာမှမတော်ဘဲနဲ့ ရုပ်အရမ်းတူတာပဲလို့ ပြောပြီး တအံ့တသြဖြစ်မိကြမယ်ထင်ပါတယ်။ ကမ္ဘာပေါ်မှာ စာဖတ်ပရိသတ်တွေနဲ့ ရုပ်ချင်းတူတဲ့သူတွေလည်း ရှိနေနိုင်ပါတယ်နော်..။

Ref: Photographer Finds Look-Alikes That Are Not Actually Related By Blood But Look Incredibly Similar

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top