စာမေးပွဲမှာ အမှတ်မကောင်းလို့ ကျောင်းသားတွေက ဆရာနဲ့ ကျောင်းစာရေးကို သစ်ပင်မှာ ကြိုးတုပ် ရိုက်နှက်

9-8-2022-yyl-35.jpg

စာမေးပွဲမှာ အမှတ်မကောင်းလို့ဆိုပြီး ကျောင်းသားတွေက ဆရာနဲ့ ကျောင်းစာရေးကို သစ်ပင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်ခဲ့ကြပါတယ်။ သြဂုတ်လ ၂၉ ရက်က အိန္ဒိယနိုင်ငံ ဂျာခန်းပြည်နယ် ဒမ်ကာမြို့ တိုင်းရင်းသားကျောင်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ ၉ တန်းစာမေးပွဲမှာ သင်္ချာရမှတ်တွေအကြောင်း ဆွေးနွေးချင်တယ်လို့ဆိုပြီး ကျောင်းသားတွေက သင်္ချာဆရာနဲ့ ကျောင်းစာရေးကို ကျောင်းဝန်းထဲ ခေါ်ထုတ်လာခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ သစ်ပင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ လူသုံးဦးကို သစ်ပင်မှာ အနီရောင်ကြိုးနဲ့တုပ်ထားပြီး တုတ်ကိုင်ထားတဲ့ ကျောင်းသား ဒါဇင်ပေါင်းများစွာက ဘေးမှာဝိုင်းနေတာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုမှာ ရိုက်နှက်နေတဲ့ မြင်ကွင်းမပါဝင်ပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဒေါသထွက်နေတဲ့ ကျောင်းသားတွေက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကျူးလွန်ခံရသူတစ်ယောက်ကလည်း ခေါင်းကို တုတ်နဲ့ ရိုက်ခံရတယ်လို့ ထွက်ဆိုခဲ့ပြီး သူ့ခေါင်းမှာလည်း ပတ်တီးစီးထားတာ တွေ့ရပါတယ်။

အတန်းထဲမှာ ကျောင်းသား ၃၂ ယောက်ရှိတဲ့အနက် ၁၁ ယောက်က သင်္ချာဘာသာရပ် ကျခဲ့လို့ ကျောင်းသားသမဂ္ဂတစ်ခုလုံး ဒေါသထွက်ခဲ့ကြတာလို့ India Times သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီအတွက် ကျောင်းသားတွေက သင်္ချာဆရာ ဆူမန်ကူမာနဲ့ ကျောင်းဝက်ဘ်ဆိုက်မှာ အမှတ်တွေ တင်ပေးတဲ့ ကျောင်းစာရေး ချူရီတို့ကို ဒေါသထွက်ကာ လက်တုံ့ပြန်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ တိုင်းရင်းသားကျောင်းမှ ကျောင်းသား ၂၀၀ အနက် အများစု ပါဝင်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ ရယူခဲ့ပေမဲ့ ကျောင်းသားတွေဘဝ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် ကျောင်းအရာရှိတွေကတော့ ကျောင်းသားတွေကို စွဲချက်မတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစောပိုင်းမှာ ကျူးလွန်ခံရသူတွေကလည်း ကျောင်းသားတွေကို တိုင်ချက်မဖွင့်ခဲ့ကြပေမဲ့ ဒီအကြောင်း ပျံ့နှံ့သွားချိန်မှာတော့ ကျောင်းသား ၁၁ ယောက်ကို တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အဲဒီကျောင်းသားတွေကို ဘယ်လိုအရေးယူမလဲဆိုတာတော့ မသိရသေးပါဘူး။

Ref: Students Allegedly Tie Math Teacher to Tree, Beat Him Over Poor Grades

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top