ဒေါ်လာ ၁၀ ဘီလျံတန်ကြေးရှိတဲ့ တရုတ်ဂိမ်းကုမ္ပဏီက မှတ်ဉာဏ်တုအသုံးပြု စက်ရုပ်ကို စီအီးအိုအဖြစ် ခန့်အပ်

8.9-2022-yyl-05.jpg

” Time မဂ္ဂဇင်းက စက်ရုပ်တစ်ရုပ်ကို အကောင်းဆုံး စီအီးအိုအဖြစ် မျက်နှာဖုံးတင်တာမျိုး နှစ် ၃၀ အတွင်း မြင်ရလိမ့်မယ်” လို့ ၂၀၁၇ ခုနှစ်မှာ ဂျက်မားက ပြောခဲ့ဖူးတယ်။ အခုတော့ သူ့စကားက တကယ်ဖြစ်လာပြီလို့ ဆိုရတော့မလိုပါပဲ။ အွန်လိုင်းဂိမ်းတွေ၊ Mobile app တွေ ဖန်တီးတဲ့ တရုတ်ကုမ္ပဏီ NetDragon Websoft က မှတ်ဉာဏ်တုအသုံးပြုထားတဲ့ စက်ရုပ်ကို ကုမ္ပဏီရဲ့ စီအီးအိုအဖြစ် ခန့်အပ်ပြီး သမိုင်းသစ် ရေးထိုးလိုက်ပါပြီ။

မစ္စတန်ယုလို့ အမည်ပေးထားတဲ့ မှတ်ဉာဏ်တုအသုံးပြု စက်ရုပ်စီအီးအိုဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ နီးပါး တန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ကြီးကြပ်စီမံမှာပါ။ မှတ်ဉာဏ်တုနည်းပညာဟာ ကော်ပိုရိတ်စီမံခန့်ခွဲမှုရဲ့ အနာဂတ်ဖြစ်လာမယ်လို့ NetDragon Websoft ကုမ္ပဏီ ဘုတ်အဖွဲ့က ယုံကြည်နေပြီး မစ်တန်ယုကို စီအီးအိုအဖြစ် ခန့်အပ်လိုက်တာဟာ ကုမ္ပဏီရဲ့လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အပြောင်းအလဲနဲ့ မှတ်ဉာဏ်တုအသုံးပြုမှုကို ဆီးကြိုတဲ့ ပြယုဂ်တစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

” တန်ယုက အချိန်နဲ့တပြေးညီ ပြောင်းလဲနေတဲ့ data hub တစ်ခု ဖြစ်လာပြီး နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွေကို ကျိုးကြောင်းဆီလျှော်စွာ ဆုံးဖြတ်နိုင်အောင် ကူညီပေးမယ့် ခွဲခြမ်းစိတ်ဖြာရေးကိရိယာတစ်ခုလည်း ဖြစ်လာမှာပါ။ risk management စနစ်ကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ပါရမီရှင်တွေ မွေးထုတ်ပေးဖို့၊ ဝန်ထမ်းအားလုံးအတွက် မျှတပြီး အကျိုးကျေးဇူးများတဲ့ လုပ်ငန်းခွင် ဖော်ဆောင်ပေးနိုင်အောင် အဓိကအခန်းကဏ္ဍကနေ ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်” လို့ NetDragon Websoft ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အနာဂတ်ကာလမှာ ပွင့်လင်းမြင်သာမှုရှိတဲ့ စီမံခန့်ခွဲမှုပုံစံတစ်ခု ဖန်တီးနိုင်ဖို့အတွက် စီအီးအို မစ္စတန်ယုရဲ့ နောက်ကွယ်က အယ်လ်ဂိုရစ်သမ်စနစ်ကို တိုးချဲ့သွားဖို့ စီစဉ်ထားတယ်လို့ NetDragon Websoft ကုမ္ပဏီက ဆိုပါတယ်။

၁၉၉၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ NetDragon Websoft ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ သြဇာအကြီးမားဆုံး video game ဖန်တီးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး Eudemons Online၊ Heroes Evolved၊ Conquer Online နဲ့ Under Oath အစရှိတဲ့ အောင်မြင်တဲ့ ဂိမ်းတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

မှတ်ဉာဏ်တုအသုံးပြု စက်ရုပ်စီအီးအိုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ မသိရသေးပေမဲ့ လူမှုကွန်ရက်မှာတော့ စက်ရုပ်တွေက လူသားတွေရဲ့အလုပ်တွေကို လွှဲပြောင်းရယူတော့မလားဆိုတဲ့ အယူအဆနဲ့ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးမှုတွေ ရှိလာနေပါပြီ။

Ref: Chinese Company Appoints AI-Powered Virtual Robot as CEO

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top