ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံး လမ်းကြမ်းစီး SUV ကားကို နယ်သာလန်ကျောင်းသားတွေ ဖန်တီး

24.10.23-yyl-7.jpg

နယ်သာလန်နိုင်ငံက ကျောင်းသားတစ်စုဟာ ကမ္ဘာ့ပထမဆုံး ဆိုလာစွမ်းအင်သုံး လမ်းကြမ်းစီး SUV ကားကို တီထွင်ခဲ့ပြီး မော်ရိုကိုနိုင်ငံမှာ စမ်းသပ်မောင်းနှင်ခဲ့ကြပါတယ်။ မြေမျက်နှာသွင်ပြင် မတူညီမှုများပြီး အနိမ့်အမြင့်၊ အကွေ့အကောက်များတဲ့ မော်ရိုကိုနိုင်ငံမှာ မိုင် ၆၂၀ စမ်းသပ်မောင်းနှင်မှုအရ ဈေးကွက်ထဲမှာ ရှိပြီးသား လျှပ်စစ် SUV ကားတွေထက် အားသာချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

Stella Terra လို့ အမည်ရတဲ့ လမ်းကြမ်းစီးကားကို ဆိုလာပြားတွေအသုံးပြုပြီး ခေါင်မိုးအခုံးပုံစံ ဖန်တီးထားပါတယ်။ လေခွင်းအားကောင်းစေတဲ့ ဒီဇိုင်း ဖန်တီးထားတာဖြစ်ပြီး ကားရဲ့အလေးချိန်ကိုလည်း ပိုလျော့နည်းစေပါတယ်။ Stella Terra ကားဟာ အလေးချိန် ၂၆၄၅ ပေါင်ပဲရှိပြီး ပုံစံတူ လျှပ်စစ် SUV ကားတွေထက် ၂၅ ရာခိုင်နှုန်း ပိုပေါ့ပါးပါတယ်။

အားအပြည့်သွင်းထားရင် လမ်းပေါ်မှာ ၄၄၁ မိုင် အကွာအဝေးအထိ မောင်းနှင်နိုင်ပြီး လမ်းကြမ်းမောင်းမယ်ဆိုရင်တော့ ၃၄၂ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။ ရာသီဥတုက တိမ်ထူနေတာ၊ နေသာတာ စတဲ့အချက်ပေါ်မူတည်ပြီး မောင်းနှင်နိုင်တဲ့ အကွာအဝေးကတော့ မိုင် ၅၀ ကွာဟမှု ရှိပါတယ်။

ကားအတွင်းပိုင်း ထိုင်ခုံတွေကို အိပ်ရာပုံစံ ပြောင်းလဲနိုင်အောင်လည်း ဖန်တီးထားပါတယ်။ ဒါပေမဲ့ ဒီကားကို ဈေးကွက်ထဲမှာ ရောင်းချနိုင်တဲ့အဆင့်ထိ အရေအတွက်များများ ထုတ်လုပ်နိုင်ဖို့ကတော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပါ။ ဒီကားကို ဘယ်ဈေးနဲ့ ရောင်းရမလဲ၊ ဘယ်သူတွေ စိတ်ဝင်စားမလဲ၊ ဘယ်ဈေးကွက်ကို အဓိကထား ထိုးဖောက်မလဲ အစရှိတဲ့ မေးခွန်းတွေလည်း ရှိနေပါသေးတယ်။

Stella Terra ကားကို ဖန်တီးခဲ့တဲ့ နယ်သာလန်တက္ကသိုလ်မှ TUE အဖွဲ့ကတော့ သူတို့ရဲ့ တီထွင်မှုဟာ အရပ်သားတွေအတွက်သာ မကဘဲ ကားထုတ်လုပ်ရေးကုမ္ပဏီတွေကိုပါ ပိုမြန်ဆန်တဲ့ ကားဒီဇိုင်းတွေ ဖန်တီးလာကြစေဖို့ ရည်ရွယ်ကြောင်း ဆိုပါတယ်။

Ref: Students Build World’s First Off-Road Solar-Powered SUV–and Drive it Across Morocco

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top