ဘောလိဝုဒ်မင်းသား ဆူရှန်ဆင်းမ် သေဆုံးမှုနဲ့ဆက်နွှယ်တဲ့ မူးယစ်ဆေးဝါးမှုကြောင့် သူ့ချစ်သူ ချာခရာဘိုတီကို ဖမ်းဆီး

9-9-2020-yyl-026.jpg

ဘောလိဝုဒ်မင်းသား ဆူရှန်ဆင်းမ် သေဆုံးမှုနဲ့စပ်လျဉ်းတဲ့ မူးယစ်ဆေးဝါးမှုကြောင့် အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့က သူ့ရဲ့ချစ်သူဖြစ်တဲ့ ဘောလိဝုဒ်မင်းသမီး ချာခရာဘိုတီကို ဖမ်းဆီးခဲ့ပါတယ်။ အသက် ၃၄ နှစ်ရှိတဲ့ မင်းသား ဆူရှန်ဆင်းမ်ဟာ ဇွန်လ ၁၄ ရက်က မွမ်ဘိုင်းမြို့မှာရှိတဲ့ သူ့တိုက်ခန်းမှာ သေဆုံးခဲ့တာပါ။ ဒီဖြစ်ရပ်မှာ ဆူရှန်ဆင်းမ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ ချာခရာဘိုတီက ဆူရှန်ဆင်းမ်ကို အဆုံးစီရင်အောင် တွန်းအားပေးခဲ့တယ်လို့ ဆူရှန်ဆင်းမ်ရဲ့မိသားစုက စွပ်စွဲပြီး ချာခရာဘိုတီကို ရဲတပ်ဖွဲ့ထံမှာ တိုင်ချက်ဖွင့်ခဲ့တာပါ။

ချာခရာဘိုတီကတော့ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိသေးပါဘူး။ အစောပိုင်းမှာတော့ သူ အမှားမလုပ်မိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ ချာခရာဘိုတီအပေါ် ဘယ်စွဲချက်တွေနဲ့ စွဲချက်တင်ထားလဲဆိုတာကို အာဏာပိုင်တွေက ထုတ်မပြောသေးပါဘူး။ ချာခရာဘိုတီရဲ့ မောင်နဲ့ ဆူရှန်ဆင်းမ်ရဲ့ အိမ်တော်ထိန်းဟောင်း မီရန်ဒါတို့ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ မူးယစ်ဆေးဝါးမှုအရ ဖမ်းဆီးခဲ့ပါတယ်။

ဆူရှန်ဆင်းမ်နဲ့ ချာခရာဘိုတီတို့ဟာ ၂၀၁၉ ခုနှစ် နွေရာသီက စတင်ချစ်ကြိုက်ခဲ့ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလက အတူနေခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ဆူရှန်ဆင်းမ် မကွယ်လွန်ခင် ရက်သတ္တပတ်အလိုဖြစ်တဲ့ ဇွန်လ ၈ ရက်နေ့မှာ ချာခရာဘိုတီက သူ့မိဘအိမ်ကို ပြန်သွားခဲ့လို့ ဆူရှန်ဆင်းမ် ကွယ်လွန်ချိန်က အနားမှာရှိမနေခဲ့ပါဘူး။ ဆူရှန်ဆင်းမ် ကွယ်လွန်ချိန်မှာ စိတ်ကျန်းမာရေးပြဿနာကြောင့် ဖြစ်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လူသတ်မှု၊ နောက်ကွယ်ကနေ ကြံစည်မှု စတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီး ချာခရာဘိုတီအပေါ် လူတွေပိုပြီး အာရုံစိုက်လာခဲ့ကြတာပါ။

ဆူရှန်ဆင်းမ်ရဲ့အဖေက ချာခရာဘိုတီကို တိုင်ချက်ဖွင့်လိုက်ချိန်မှာ လူတွေရဲ့ အာရုံစိုက်မှု အထွတ်အထိပ်ဖြစ်လာခဲ့ပါတယ်။ သူ့သားမှာ စိတ်ကျန်းမာရေးပြဿနာမရှိဘူး၊ ချာခရာဘိုတီက သူ့သားရဲ့ ပိုက်ဆံတွေကို ခိုးခဲ့တယ်လို့ ဆူရှန်ဆင်းမ်ရဲ့အဖေက တိုင်ချက်ဖွင့်ခဲ့တာပါ။ ဆူရှန်ဆင်းမ်ရဲ့ ပရိသတ်တွေက ချာခရာဘိုတီကို ပိုင်းလုံးမ၊ မာဖီးယားဂိုဏ်းချုပ်ရဲ့ မိန်းမလို့ သမုတ်ခဲ့ကြပါတယ်။ ချာခရာဘိုတီကတော့ စွဲချက်တွေအားလုံးကို ငြင်းဆန်ခဲ့ပြီး ဆူရှန်ဆင်းမ် သေဆုံးမှုအတွက် မျှမျှတတ စုံစမ်းစစ်ဆေးပေးဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကို အသနားခံခဲ့ပါတယ်။

Ref: BBC ” Sushant Singh Rajput: Bollywood actor Rhea Chakraborty arrested”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top