သာယာပျော်ရွှင်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကို ပိုင်ဆိုင်ချင်ကြသူတိုင်း လိုက်နာသင့်တဲ့အချက်များ

r.jpg

တချို့အတွဲတွေကိုများကြည့်လိုက်ရင် တစ်ယောက်ပေါ်တစ်ယောက် အပြန်အလှန် နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ လေးစားမှုတွေနဲ့ အရမ်းကိုကြည်နူးစရာကောင်းပါတယ်။ သူတို့အချစ်ရေးကလည်း အချိန်ကြာလာတာနဲ့အမျှ ပိုခိုင်မြဲလာလေ၊ ပိုပြီးပျော်ရွှင်စရာကောင်းလာလေပါ။

ဒီနေ့မှာတော့ ရိုးရာလေးကနေပြီး သာယာပျော်ရွှင်တဲ့ Relationship တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ရာ အသုံးဝင်မယ့် နည်းလမ်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ စုံတွဲတိုင်းလည်း တစ်နေ့ထက်တစ်နေ့အချစ်တွေ ပိုပိုတိုးပြီး ပိုနားလည်လာနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

၁။ အစစ်အမှန်ဖြစ်ပါစေ

ကျွန်တော်တို့အားလုံးဟာ လက်ရှိဖြစ်တည်နေတဲ့အနေအထားထက် ပိုကောင်းမွန်တဲ့ဘဝတွေဆီကိုပဲ တက်လှမ်းချင်ကြပါတယ်။ ဘယ်သူမှပြည့်စုံတယ်ရယ်လို့မရှိပါဘူး။ အတိတ်မှာလုပ်ခဲ့ဖူးတဲ့အမှားတွေ၊ ကိုယ့်အားနည်းချက်တွေနဲ့ ကိုယ့်ခံစားချက်တွေကို ပြသဖို့ မကြောက်ရွံ့ပါနဲ့။ ဘယ်သူမှ သင့်စိတ်ကိုမဖတ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ပထမအချက်အနေနဲ့ ရိုးသားပါ။ အရှိကိုအရှိအတိုင်းပဲနေပါ။ သူသာသင့်လက်တွဲဖော် အစစ်အမှန်ဆိုရင် သင့်ကိုနားလည်ပေးပြီး ကူညီဖေးမပေးနိုင်ပါလိမ့်မယ်။

၂။ အကောင်းမြင်ပေးပါ

ဘယ်သူမဆို ကိုယ့်ဘေးနားမှာ အကောင်းမြင်တတ်တဲ့သူမျိုးကိုပဲရှိစေချင်ကြပါတယ်။ ပြဿနာတိုင်းကို ပုံကြီးချဲ့နေပြီး ကိုယ့်လက်တွဲဖော်ကို အမြဲတစေစိတ်ပင်ပန်းအောင်လုပ်နေတာမျိုးက သူ့ကိုဖိအားပေးရာရောက်စေပါတယ်။ ချိုတစ်လှည့် ခါးတစ်လှည့်မို့ ရေးကြီးခွင်ကျယ်လုပ်ပြီး တွန့်ဆုတ်မနေသင့်ပါဘူး။ နှစ်ယောက်လုံးတူတူကြိုးစားပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းလို့ရပါတယ်။

၃။ အထောက်အကူဖြစ်ပါစေ

ဘယ်သူမှအမြဲတမ်း ပျော်ရွှင်မနေနိုင်ပါဘူး။ သူ့မှာစိတ်ညစ်ရတဲ့နေ့တွေမှာ သင်ရှောင်ထွက်သွားမယ့်အစား သူဘာလိုချင်နေတယ်။ သူဘာဖြစ်ချင်နေတယ်ဆိုတာကို လေ့လာပြီး အကူအညီပေးတတ်ဖို့လိုပါတယ်။ ဒါကအရမ်းကြီး ခက်ခဲတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဘယ်လောက်ပဲ သင့်အမြင်နဲ့ကွဲလွဲနေပါစေ။ ကိုယ့်လက်တွဲဖော်ရဲ့ဆန္ဒနဲ့ အတွေးအခေါ်တွေကိုတော့ လေးစားအသိအမှတ်ပြုပေးဖို့လိုပါမယ်။

၄။ အသိအမှတ်ပြုပေးပါ

သူကငါ့ချစ်သူဖြစ်သွားပြီမို့လို့၊ ငါ့ဇနီး၊ ခင်ပွန်းဖြစ်သွားပြီမို့လို့ သူလုပ်ပေးနေတဲ့အရာတွေအားလုံးက ဝတ္တရားပဲဆိုပြီး အသိအမှတ်မပြုဘဲ မနေပါနဲ့။ ဘယ်လောက်ပဲသေးငယ်တဲ့အရာဖြစ်ပါစေ ကျေးဇူးတင်ကြောင်းပြသပေးပါ။ သူ့ကိုလိုအပ်ကြောင်း၊ သူ့ဂရုစိုက်မှာတွေကို အသိအမှတ်ပြုကြောင်းနဲ့ သူ့ကိုဘယ်လောက်ထိချစ်ရကြောင်းတွေကိုပြောဆိုဖို့ ဘယ်တော့မှဝန်မလေးပါနဲ့။

၅။ မချုပ်ချယ်ပါနဲ့

တစ်စုံတစ်ယောက်ရဲ့အနားမှာ (၂၄) နာရီနဲ့ (၇) ရက်လုံးအတူူတူရှိနေချင်တဲ့ ဆန္ဒကြီးကတော့ နည်းနည်းရူးကြောင်ကြောင်နိုင်ပါတယ်။ နှစ်ယောက်သားချစ်ခဲ့ကြတယ်ဆိုတာက သူ့ဝါသနာတွေ၊ သူ့အပြုအမူတွေ၊ သူနေ့စဉ်လုပ်ဆောင်နေတဲ့အရာလေးတွေကို ကြည့်ပြီးတော့မှ ချစ်ခဲ့တာပါ။ ဒါကိုငါနဲ့တွဲပြီးတော့မှ၊ ငါနဲ့လက်ထပ်ပြီးတော့မှ ပြောင်းလဲပစ်လိုက်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ ချစ်ပါ။ အချစ်ကိုခေါင်းစဉ်တပ်ပြီး သူတစ်ပါးဆန္ဒကို တားမြစ်တာမျိုးတွေ၊ ကိုယ့်ရည်မှန်းချက်တွေကို ရပ်ပစ်လိုက်တာမျိုးတွေက မဖြစ်သင့်ပါဘူး။ တကယ်ချစ်တယ်ဆိုရင်တော့ သူ့ဝါသနာနဲ့ သူ့ဖြစ်တည်မှုကို လက်ခံပေးဖို့လိုပါမယ်။

Ref: Bright Side “12 Incredibly Simple Secrets to a Happy Relationship”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top