ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် F-5 တိုက်လေယာဉ် ပထမဆုံး စမ်းသပ်မောင်းနှင်မှုမှာ တရုတ်(တိုင်ပေ) လေတပ်ဦးစီးချုပ်ကိုယ်တိုင် လိုက်ပါ

14-11-2020-yyl-004.jpg

လူသေဆုံးစေတဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ တရုတ် (တိုင်ပေ) လေတပ်အကြီးအကဲက F-5 တိုက်လေယာဉ် စမ်းသပ်မောင်းနှင်မှုမှာ ကိုယ်တိုင်လိုက်ပါခဲ့ပါတယ်။ ပြီးခဲ့သည့်စနေနေ့က မိနစ် ၄၀ ကြာမြင့်တဲ့ စမ်းသပ်မောင်းနှင်မှုမှာ လေတပ်ဦးစီးချုပ် ရွှန်းဟူချီက ၂ ယောက်စီး F-5 တိုက်လေယာဉ်ပေါ်မှာ လိုက်ပါခဲ့တာပါ။

” F-5 တိုက်လေယာဉ်တွေက ဘေးကင်းကင်း ပျံသန်းနိုင်သေးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ F-5 တိုက်လေယာဉ်တွေက စိတ်ချရသေးတယ်ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ဝေဟင်ကို ကာကွယ်ချင်တဲ့ လေတပ် တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဆန္ဒကို ပြည်သူတွေ သိအောင် ထုတ်ဖော်ပြသဖို့ စမ်းသပ်မောင်းနှင်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တာပါ” လို့ ရွန်းဟူချီက ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်မှာ တစ်ယောက်စီး F-5 တိုက်လေယာဉ်ဟာ ပုံမှန်လေ့ကျင့်ပျံသန်းမှုလုပ်ဖို့ ပျံတက်ပြီး မကြာခင်မှာပဲ စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့တာပါ။ အဲဒီနောက်မှာ F-5 တိုက်လေယာဉ်တွေကို ပျံသန်းခွင့်ပိတ်ပင်ခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ F-5 တိုက်လေယာဉ်တွေက နှစ် ၄၀ ကျော် သက်တမ်းရှိနေပေမဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ အသုံးပြုနေတုန်းပဲလို့ ရွန်းဟူချီက ပြောပါတယ်။

တရုတ်နိုင်ငံက တရုတ် (တိုင်ပေ)ကို ခွဲထွက်ထားတဲ့ ပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ထားပြီး လိုအပ်လာရင် အင်အားသုံး ပြန်လည်ပေါင်းစည်းဖွယ်ရှိလို့ တရုတ် (တိုင်ပေ) လေပိုင်နက်မှာ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ပိုင်း တရုတ်လေယာဉ်တွေကို စောင့်ကြည့်ဖို့ ဒါမှမဟုတ် ကြားဖြတ်တားဆီးဖို့ တရုတ်(တိုင်ပေ) လေတပ်လေယာဉ်တွေကို အကြိမ် ၃၀၀၀ လောက် ပျံသန်းစေခဲ့တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းမှာ တရုတ် (တိုင်ပေ) ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့လမှာ အမေရိကန်နိုင်ငံက တရုတ် (တိုင်ပေ)ကို အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံတန်ကြေးရှိတဲ့ လက်နက်တွေ ရောင်းချဖို့ အတည်ပြုပေးခဲ့ပြီး တရုတ်နိုင်ငံကလည်း စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ” တရုတ် (တိုင်ပေ)က တရုတ်နိုင်ငံ တစ်စိတ်တစ်ဒေသ မဟုတ်ဘူးလို့” ပြောခဲ့တဲ့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

Ref: BBC ” Taiwan air force chief joins F-5 test flight after fatal crash”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top