ခြေနှစ်ဘက်မရှိပေမဲ့ ဂေါ်ပြားတစ်ခုတည်းနဲ့ သစ်ပင် (၁၇၀၀၀) ကျော်ကို (၁၉) နှစ်ကြာ စိုက်လာခဲ့တဲ့ အဘိုးအို

g1-1.jpg

ခြေနှစ်ဘက်မရှိတော့တဲ့ တရုတ်လူမျိုး အသက် (၇၀) အရွယ် အဘိုးအိုက တောင်ကုန်းတစ်ခုပေါ်မှာ သစ်ပင် (၁၇၀၀၀) ကျော်ကို ဂေါ်ပြားတစ်ခုကိုသာ အသုံးပြုစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအဘိုးအိုရဲ့နာမည်က မာ ဆန်ရှောင် (Ma Sanxiao) ဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပါတယ်။ အကြွေးဆပ်ဖို့အတွက် ဝင်ငွေရအောင်၂၀၀၀ ခုနှစ်ကနေစပြီး သစ်ပင်တွေစိုက်ပျိုးခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူက အများအကျိုးအတွက်ပဲ အပင်တွေစိုက်ဖြစ်တော့တယ်လို့ ပြောပြခဲ့ပါတယ်။

“ကျွန်တော် ခြေထောက်နှစ်ဘက် မရှိတော့ပေမဲ့၊ ကျွန်တော့အားအင်တွေ ကုန်ခန်းနေပေမဲ့ ကျွန်တော်အသက်ရှင်နေတဲ့ကာလပတ်လုံး အပင်တွေ ဆက်လက်စိုက်ပျိုးသွားမှာပါ”လို့ သတင်းထောက်တွေကို မာ ဆန်ရှောင်က ပြောပါတယ်။

သူက တရုတ်နိုင်ငံမြောက်ပိုင်း ဟဲဘေပြည်နယ်က မေယုရွာမှာ နေထိုင်တာဖြစ်ပါတယ်။ သူ အသက်(၂၀) အရွယ်မှာ စစ်သူလျှိုတစ်ယောက်ဖြစ်လာဖို့ ဖူကျန့်ပြည်နယ်က တပ်ဖွဲ့တစ်ခုထဲသို့ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်ရင်း ရောဂါပိုးကူးစက်ခြင်းကို ခံစားခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ၁၉၇၄ခုနှစ်မှာ အလုပ်ကနေ အနားယူခဲ့ရပါတယ်။ အဲဒီနောက်မှာ ဆရာအဖြစ် လုပ်ကိုင်ခဲ့သလို လယ်သမားတစ်ယောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာ သူ့ရဲ့ဖျားနာခြင်းက ဆိုးရွားလာခဲ့ပြီး ညာဘက်ခြေထောက်ရောင်ရမ်းလာခဲ့တာကြောင့် ခြေထောက်ဖြတ်ပစ်လိုက်ရပါတယ်။ နောက်တစ်နှစ်မှာ ညာဘက်ခြေထောက်ဖြစ်ခဲ့သလို ဘယ်ခြေထောက်လည်း ရောင်ရမ်းလာခဲ့ပါတယ်။ သူ့ရဲ့ဘယ်ဘက်ခြေထောက်ကိုကုသရာမှာ ဆေးဖိုးပေးချေဖို့အတွက် သူ့ရဲ့မိသားစုက ယွမ် (၂၀၀၀၀၀)ကျော် ချေးငှားခဲ့ရပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေလည်း သူ့ရဲ့ဘယ်ဘက်ခြေထောက်ကို မကုသနိုင်တော့ဘဲ ၂၀၀၄ ခုနှစ်မှာ ခြေထောက်ဖြတ်ပစ်ခဲ့ရပါတယ်။

ဆေးကုသဖို့အတွက် ချေးငှားခဲ့တဲ့ အကြွေးတွေဆပ်ဖို့ အပင်တွေကို ၂၀၀၀ ခုနှစ်မှာ စိုက်ပျိုးလာခဲ့တာဖြစ်ပါတယ်။ မစ်စတာမာက သူနေထိုင်တဲ့ရွာရဲ့ နောက်ဘက်မှာရှိတဲ့ တောင်ကုန်းလေးပေါ်မှာ အပင်စိုက်ဖို့အတွက် နေမထွက်ခင် မနက် (၅) နာရီမှာ အိမ်ကနေ ထွက်ခွာလေ့ရှိပါတယ်။ အစားအစာတွေ ယူလာပြီး တစ်နေ့လုံး အပင်စိုက်ရင်းနဲ့အချိန်ကုန်လေ့ရှိတယ်လို့ သိရပါတယ်။

သူ အပင်စိုက်ချင်တဲ့နေရာကို သွားတဲ့အခါ သူ့ရဲ့ခြေအတုကိုဖယ်၊ ဒူးစွပ်အထူကိုစွပ်ပြီး မြေကြီးပေါ်ကနေ တွားသွားရတာဖြစ်ပါတယ်။ အပင်စိုက်တာက ငယ်ရွယ်ပြီးကျန်းမာတဲ့သူတွေအတွက်တောင် လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ဒါကို မာ ဆန်ရှောင်က သူတစ်ယောက်တည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သစ်ပင်စိုက်ရင်း ချောက်နက်တဲ့ကျောက်ဆောင်နံရံတွေအပေါ် ပြုတ်ကျပြီး ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်သန်လေးလည်း ဆုံးရှုံးခဲ့ရကြောင်း မာ ဆန်ရှောင်က ဆိုပါတယ်။

ပထမကတော့ သူ့ရဲ့မိသားစုကို အပင်တွေရောင်းပြီး ထောက်ပံ့ဖို့အတွက် သစ်ပင်တွေစိုက်ခဲ့တာဖြစ်ပါတယ်။ သူ့အကြောင်းကို တရုတ်သတင်းဌာနတွေက တင်ခဲ့တာကြောင့် တရုတ်အစိုးရက ငွေရေးကြေးရေးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ အစိုးရနဲ့ ပြည်သူတွေက အကူအညီပေးခဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ သစ်ပင်တွေ စိုက်ဖြစ်ခဲ့ကြောင်း၊ အပင်တွေနဲ့ အချိန်ကုန်တဲ့အခါ သူကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ခံစားရကြောင်း၊ သူ့အတွက် သစ်ပင်တွေမဟုတ်ဘဲ သူအမိန့်ပေးလို့ရတဲ့ စစ်သားတွေအဖြစ်ယူဆထားကြောင်း၊ နောင်လာမယ့်မျိုးဆက်တွေအတွက် အပင်တွေဆက်လက်စိုက်ပျိုးသွားမှာဖြစ်ကြောင်း မာ ဆန်ရှောင်က ဆိုပါတယ်။

Ref: Dailymail “Legless veteran, 70, has planted 17,000 trees in 19 years using a spade and a hoe to turn a barren mountain into a forest”
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top