ဥရောပရဲ့ ပထမဆုံး ရေအောက်စားသောက်ဆိုင် ဖွင့်လှစ်

in1-2.jpg

ဥရောပရဲ့ ပထမဆုံး ရေအောက်စားသောက်ဆိုင်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နော်ဝေနိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။ နော်ဝေနိုင်ငံ တောင်ဘက်အစွန်မှာ တည်ရှိတဲ့ အဲဒီစားသောက်ဆိုင်ဟာ မြောက်ပိုင်းပင်လယ်ထဲမှာ ကွန်ကရက်တုံးကြီးတစ်တုံး ရေပေါ်ပေါ်နေတဲ့ ပုံသဏ္ဍာန်မျိုးရှိပါတယ်။ အဲဒီစားသောက်ဆိုင်ကို Under လို့ အမည်ပေးထားပြီး နော်ဝေ ဘာသာစကားနဲ့ဆိုရင် ”အံ့အားသင့်ဖွယ်”လို့ အဓိပ္ပာယ်ရပါတယ်။

Under စားသောက်ဆိုင်ကို နော်ဝေနိုင်ငံရဲ့ ဗိသုကာလုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဆနိုဟက်တာ(Snoehetta)က ဒီဇိုင်းဆွဲပေးခဲ့တာပါ။ ဆနိုဟက်တာဟာ အော်ပရာဟောက်စ်နဲ့ စက်တင်ဘာ (၁၁) အကြမ်းဖက်တိုက်ခိုက်မှု အမှတ်တရပြတိုက်တွေကို ဒီဇိုင်းဆွဲပေးခဲ့တဲ့ ကုမ္ပဏီပါ။ Under စားသောက်ဆိုင်ထဲ ဝင်ဝင်ချင်း ရေနွေးရေချိုးခန်းထဲ ရောက်သွားသလို ခံစားရနိုင်ပေမဲ့ (၈) မီတာရှည်လျားတဲ့ လှေကားကနေ ဆင်းသွားရင် စားသောက်ခန်းကို ရောက်ရှိမှာပါ။

စားသောက်ခန်းနံရံမှာ မှန်တွေတပ်ဆင်ထားလို့ ရေအောက်ပင်လယ်ကို ထင်ထင်ရှားရှား မြင်ရမှာဖြစ်ပြီး ငါးတွေနဲ့အတူ အစာစားနေရသလို ခံစားရမှာပါ။ Under စားသောက်ဆိုင်မှာ လာရောက်စားသောက်ဖို့ စာရင်းပေးသွင်းသူ ၇၀၀၀ ကျော် ရှိပါတယ်။ ဒေသထွက် အစားအစာတွေနဲ့ ပင်လယ်စာကို အခြေခံထားတဲ့ စားစရာတွေအပြင် သောက်စရာ အချိုရည်၊ ယမကာ အပါအဝင် စားသောက်ဖွယ် (၁၈) မျိုးအတွက် လူတစ်ဦးကို အမေရိကန်ဒေါ်လာ (၄၃၀) ကုန်ကျမှာပါ။ Under စားသောက်ဆိုင်ရဲ့ စားသောက်ခန်းကတော့ လူ (၄၀) စားသောက်နိုင်လောက်အောင်
ကျယ်ဝန်းပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top