ကိုယ်စွမ်းကိုယ်စနဲ့ ချမ်းသာလာတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာ သူဌေးလေး

b1.jpg

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဌေးအဖြစ် အသစ်စက်စက် မှတ်တမ်းတင်ခံရသူကတော့ အသက် (၂၆) နှစ်အရွယ် အိုင်းရစ်ရှ်လူမျိုး ဂျွန်ကော်လီဆန် (John Collison) ပဲ ဖြစ်ပါတယ်။

ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ စာရင်းပြုစု တွက်ချက်မှုအရတော့ ဂျွန်ကော်လီဆန်ရဲ့ ပိုင်ဆိုင်မှု ပမာဏစုစုပေါင်းဟာ ၁.၁ ဘီလျံ ရှိပါသတဲ့ ။ ကော်လီဆန်ဟာ အွန်လိုင်း ငွေချေမှုလုပ်ငန်းစနစ်တစ်ခုဖြစ်တဲ့စထရိုက်ပ် (Stripe) ကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူတွေထဲကတစ်ဦး ဖြစ်ပါတယ်။ သူ့မှာ ပက်ထရစ်ခ် (Patrick) လို့ခေါ်တဲ့ အစ်ကိုတစ်ဦး ရှိပါတယ်။ သူတို့ ညီအစ်ကိုဟာ ငယ်စဉ်ကတည်းက ကုတ်ဒင်း (coding) ပညာရပ်ကို လေ့လာသင်ယူခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ကြိုးစားကြသူတွေ ဖြစ်ပါတယ်။

စထရိုက်ပ် ကုမ္ပဏီကို မတည်ထောင်ခင်တုန်းက သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဆယ်ကျော်သက်အရွယ်မှာတင် အော့ခ်တိုမတ်တစ်ခ် (Auctomatic) ဆိုတဲ့ နည်းပညာ ကုမ္ပဏီလေးတစ်ခုကို စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ အောင်မြင်လာခဲ့ပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ အော့ခ်တိုမတ်တစ်ခ် ကုမ္ပဏီကို ဒေါ်လာ (၅) သန်းနဲ့ ပြန်လည်ရောင်းချနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ စထရိုက်ဘ်ကုမ္ပဏီဟာ ယင်းရဲ့ အရင်းထဲကို ဒေါ်လာ သန်း (၁၅၀) ဝန်းကျင် ကျော် ထပ်မံဖြည့်သွင်းလိုက်တာမို့ ကုမ္ပဏီရဲ့စုစုပေါင်းတန်ကြေးက မြင့်တက်လာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ကုမ္ပဏီ တည်ထောင်သူထဲက တစ်ယောက်ဖြစ်တဲ့ ကော်လီဆန်ဟာလည်း အကျိုးခံစားခွင့် ပမာဏအားဖြင့် မြင့်တက်လာပြီး ဘီလျံနာတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရတာ ဖြစ်ပါတယ်။ စထရိုက်ဘ်ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Twitter, Pinterest တို့လို ကုမ္ပဏီကြီးတွေ အပါအဝင် အခြား ကုမ္ပဏီ အများအပြားရဲ့ ငွေပေးချေမှုပိုင်းတွေမှာ ဝန်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်။

Ref: TIME; “This 26-Year-Old Irish Entrepreneur Is the World’s Youngest Self-Made Billionaire“

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top