ကင်ဆာရောဂါကို အနိုင်ယူ ကျော်လွှားနိုင်ခဲ့တဲ့ ဆယ်ကျော်သက် ကောင်လေးဟာ သူ့ရဲ့ အလိုချင်ဆုံး ဆန္ဒအဖြစ် အိမ်ယာမဲ့တွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆန္ဒပြုခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ဂျုဒ်ဘေကာဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အရိုးနဲ့ဆက်စပ်တစ်သျှူး ကင်ဆာရောဂါ(Ewing Sarcoma) ခံစားခဲ့ရပြီး ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသမှု ခံယူခဲ့ရပါတယ်။
ကင်ဆာရောဂါကို အနိုင်ယူ ကျော်လွှားနိုင်ခဲ့ပြီး Make-A-Wish Georgia ရဲ့ အလိုချင်ဆုံး ဆန္ဒတစ်ခု တောင်းဆုပြုခွင့် ရရှိခဲ့ချိန်မှာတော့ ဂျုဒ်ဘေကာက အခြားကလေးငယ်တွေလို ခရီးသွားချင်တာ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ တွေ့ချင်တဲ့ စိတ်ဆန္ဒမရှိဘဲ ရှင်သန်နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေတဲ့ အိမ်ယာမဲ့တွေကို အစားအစာ ကျွေးမွေးချင်တယ်လို့ ဆန္ဒပြုခဲ့တာပါ။
Make-A-Wish Georgia အဖွဲ့၊ ဒေသခံလုပ်အားပေးသူတွေရဲ့ အကူအညီနဲ့အတူ ဂျုဒ်ဘေကာရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ အိမ်ယာမဲ့ ၃၀၀ ကျော်အတွက် အိပ်ယာလိပ်တွေ၊ အစားအစာတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
လူ့အဖွဲ့အစည်းအပေါ် ပြန်လည်ပေးအပ်ချင်တဲ့ ဂျုဒ်ဘေကာရဲ့ စိတ်ဆန္ဒကို တန်ဖိုးထားသူတွေက သူတို့မိသားစုအတွက် တစ်ခုခု ပြန်လုပ်ပေးဖို့ ရန်ပုံငွေတစ်ရပ် ထူထောင်ခဲ့ပြီး လက်ရှိအချိန်အထိ ဒေါ်လာ ၆၀၀၀၀ ကျော် ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ငွေတွေကို အသုံးပြုပြီး ဂျုဒ်ဘေကာနဲ့ မိသားစုတွေ၊ သူ ချစ်ခင်ရသူတွေကို အမှတ်တရခရီးစဉ် ပို့ဆောင်သွားမယ်လို့ ရန်ပုံငွေ ထူထောင်သူတွေက ဆိုပါတယ်။
Ref: Teen Beats Cancer And Uses His Make-A-Wish To Feed Hundreds Of Homeless People
NZ (ရိုးရာလေး)

