အသံတံတိုင်းသုံးပြီး ရေပေးဝေမှုစနစ်ထဲမှာ ပလတ်စတစ်အမှုန်အမွှားတွေ စစ်ထုတ်ပေးနိုင်တဲ့ကိရိယာကို ကျောင်းသား/သူနှစ်ဦး တီထွင်

15.8.2024-yyl-5.jpg

အမေရိကန်နိုင်ငံမှ အထက်တန်းကျောင်းသား/သူနှစ်ယောက်ဟာ အသံတံတိုင်းသုံးပြီး ရေပေးဝေမှုစနစ်ထဲမှ ပလတ်စတစ်အမှုန်အမွှားတွေကို စစ်ထုတ်ပေးတဲ့ ကိရိယာထီထွင်ခဲ့တာကြောင့် ဂုဏ်သိက္ခာကြီးမားတဲ့ သိပ္ပံပြပွဲမှာ ထိပ်တန်းဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်၊ ဝုဒ်လန်းမြို့မှာ နေထိုင်တဲ့ ဂျက်စတင်ဟွမ်နဲ့ ဗစ်တိုးရီးယားဝူတို့ဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ကို ပါးနပ်စွာ ဖြေရှင်းပြီး Regeneron International Science and Engineering Fair (ISEF) သိပ္ပံပြပွဲမှာ ဆုရခဲ့တာပါ။

ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေအရ ကြိမ်နှုန်းမြင့် အသံလှိုင်းတွေရဲ့အားဟာ ရေစီးဆင်းမှုတစ်ကြိမ်တိုင်းမှာ ရေထဲမှ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှား ၈၄ % ကနေ ၉၄ % အထိ စစ်ထုတ်ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ စစ်ထုတ်ဖယ်ရှားမှု မလုပ်နိုင်ဘူးဆိုရင် ဧဝရက်တောင်ထိပ်ကနေ သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ကမ္ဘာ့နေရာအနှံ့မှာ ပလတ်စတစ်အမှုန်အမွှားတွေ ရှိနေပါတယ်။ ရေကနေတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲဝင်သွားရင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲအထိ ဝင်သွားနိုင်စွမ်း ရှိပါတယ်။

ရေထဲမှာ လွတ်လပ်စွာ သွားလာနိုင်တဲ့ လှိုင်းမြင့်အသံလှိုင်းတွေကို အသုံးပြုပြီး အထက်တန်းကျောင်းသား/သူ နှစ်ဦးက ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ကို ဖြေရှင်းနိုင်ခဲ့တာပါ။ သူတို့ တီထွင်ထားတဲ့ကိရိယာက ဘောပင်တစ်ချောင်းစာ အရွယ်အစားပဲရှိပါတယ်။ သိပ္ပံပြပွဲမှာ Gordon E. Moore ဆု ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဆုကြေးငွေ ဒေါ်လာ ၅၀၀၀၀ ရရှိမှာဖြစ်ပြီး သူတို့ရဲ့ ဖန်တီးမှုကို တိုးချဲ့လုပ်ဆောင်နိုင်တော့မှာပါ။ သူတို့ရဲ့ဖန်တီးမှုဟာ ဂူဂဲလ်က စပွန်ဆာပေးထားတဲ့ ကမ္ဘာမြေနဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံပညာ အမျိုးအစားမှာလည်း ပထမဆု ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

ဂျက်စတင်ဟွမ်နဲ့ ဗစ်တိုးရီးယားဝူတို့ကတော့ သူတို့ရဲ့နည်းပညာဟာ စက်မှုလုပ်ငန်းတွေ၊ ရေဆိုးပြုပြင်ရေးစက်ရုံတွေ၊ ဝေးလံခေါင်သီတဲ့ရေရင်းမြစ်တွေမှာ အသုံးချနိုင်စွမ်း ရှိမယ်လို့ မျှော်လင့်ထားပြီး အဝတ်လျှော်စက်နဲ့ ငါးကန်တွေမှာလည်း အသုံးချနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

Ref: Teens Invent Device that Removes Microplastics with Ultrasound Waves, Winning $50k
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top