ထိုင်းဟိုတယ်ခန်းထဲမှ နိုင်ငံခြားသား ၆ ယောက် သေဆုံးမှုမှာ ဆိုင်ယာနိုက်အဆိပ် တွေ့ရှိ

18.7.2024-yyl-3.jpg

ဘန်ကောက်မြို့ရဲ့ နာမည်ကြီးဟိုတယ်အခန်းတစ်ခုထဲမှာ နိုင်ငံခြားသား ၆ ယောက် သေဆုံးနေတဲ့ ဖြစ်ရပ်က ထိုင်းနိုင်ငံကို တုန်လှုပ်သွားစေခဲ့ပြီး ထိုင်းခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်လို့ လျင်မြန်စွာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ နှောင်းပိုင်းက Grand Hyatt Erawan ဟိုတယ်မှာ ဗီယက်နမ်လူမျိုး ၆ ယောက် (၂ ဦးမှာ အမေရိကန်နိုင်ငံသားဖြစ်) သေဆုံးနေတာ တွေ့ရှိခဲ့ပြီး အဲဒီအခန်းထဲက လက်ဖက်ရည်အိုးနဲ့ ခွက်တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်ကို တွေ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ လူသတ်တရားခံလည်း သေဆုံးသွားဖွယ်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို မေးမြန်းချက်အရ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ အကြွေးကိစ္စကြောင့် ပဋိပက္ခ ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

” လက်ဖက်ရည်ပန်းကန်တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်တွေ့တယ်။ ပန်းကန် ၆ လုံးစလုံးမှာတွေ့ရတာပါ။ ဟိုတယ်ဝန်ထမ်းက ရေနွေးအိုးနဲ့ နို့၊ လက်ဖက်ရည်ကြမ်းအိုးတွေ လာချပေးပြီးချိန်မှာ တစ်ယောက်က အဆိပ်ခပ်လိုက်တာပါ”လို့ ထိုင်းရဲမှူး ထရီရွန်ဖီဝမ်က ပြောပါတယ်။

အမေရိကန်နိုင်ငံ စုံစမ်းစစ်ဆေးရေးဗျူရိုက ဒီကိစ္စကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပြီး ဘန်ကောက်မြို့မှာရှိတဲ့ ဗီယက်နမ်သံရုံးကလည်း ဒီကိစ္စအတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗီယက်နမ်အစိုးရက ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလနောက်ပိုင်း ကျရိပ်ပြနေတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ခရီးသွားလုပ်ငန်းကို အဓိကထား ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်းနိုင်ငံအတွက် ဒီဖြစ်ရပ်က ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို ခရီးသွား ၂၈ သန်း လာရောက်ခဲ့ပြီး ဒီနှစ်မှာတော့ နိုင်ငံခြားသားခရီးသွား ၃၅ သန်းအထိ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref:Thai police say cyanide killed 6 in luxury Bangkok hotel, including suspect
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top