အီရန်နိုင်ငံအပေါ် ဒေါ်နယ်ထရမ့်ရဲ့ စစ်ပွဲဆင်နွှဲနိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ အဆိုပြုချက်ကို အောက်လွှတ်တော် ထောက်ခံ

yyl-022-4.jpg

အီရန်နိုင်ငံအပေါ် ဒေါ်နယ်ထရမ့်ရဲ့ စစ်ပွဲဆင်နွှဲခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ တောင်းဆိုတဲ့ အဆိုပြုချက်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဝင်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်က အဲဒီအဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၂၄ မဲ၊ ကန့်ကွက်မဲ ၁၉၄ မဲနဲ့ အတည်ပြုနိုင်ခဲ့တာပါ။ ဒါပေမဲ့ ရီပတ်ဗလစ်ကန်ပါတီဝင်တွေ လွှမ်းမိုးထားတဲ့ အထက်လွှတ်တော်ကမှာ ခက်ခဲတဲ့ စိန်ခေါ်မှုရင်ဆိုင်ရမှာပါ။ အီရန်နိုင်ငံနဲ့ တိုက်ခိုက်မှုလုပ်မယ်ဆိုရင် လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ထွက်ပေါ်လာဖို့ ရည်ရွယ်ပြီး အခုလိုအဆိုပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ ရုတ်တရက်တိုက်ခိုက်ခံရတဲ့ အခြေအနေမျိုးမှာတော့ လွှတ်တော်ရဲ့ အတည်ပြုချက် တောင်းခံစရာမလိုဘဲ ခြွင်းချက်ပေးမှာပါ။ ပြီးခဲ့တဲ့သောကြာနေ့က အီရတ်နိုင်ငံမှာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို အမေရိကန်နိုင်ငံက လုပ်ကြံခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ အီရန်နိုင်ငံက အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်ဘက်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်နဲ့ အီရန်နိုင်ငံ နှစ်နိုင်ငံလုံးက နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေ လုပ်သွားဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ခြင်းမရှိပါဘူး။ အောက်လွှတ်တော်ရဲ့ အဆိုပြုချက်မှာ ၁၉၇၃ ခုနှစ် စစ်အင်အားအက်ဥပဒေကို ကိုးကားဖော်ပြထားပါတယ်။ အဲဒီဥပဒေအရ အမေရိကန်နိုင်ငံကို ပဋိပက္ခထဲ ဝင်ပါခိုင်းခွင့်ရှိတဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လွှတ်တော်က ချင့်ချိန်စစ်ဆေးခွင့်ရှိပါတယ်။ ဒါပေမဲ့ လွှတ်တော်က တပြိုင်တည်းကျင့်သုံးနိုင်တဲ့ ဆုံးဖြတ်ချက်ကို သုံးပြီး သမ္မတကို ဥပဒေအရ စည်းနှောင်နိုင်စွမ်း ရှိ၊ မရှိဆိုတဲ့ တရားရေးဆိုင်ရာ မေးခွန်းတွေကတော့ ဖြေရှင်းစရာ ကျန်ရှိနေပါသေးတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပါလော့ဆီရဲ့ ရူးမိုက်တဲ့ စစ်အင်အားဆိုင်ရာအဆိုပြုချက်ကို ရီပတ်ဗလစ်ကန်လွှတ်တော်အမတ်အားလုံးက ကန့်ကွက်မဲပေးကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top