ပန်းသီးပင်ကြီးနဲ့ အကြွင်းမဲ့မေတ္တာ

30.5.2023-yyl-10.jpg

တစ်ခါတုန်းက ပန်းသီးပင်ကြီးတစ်ပင် ရှိပါသတဲ့။ ကောင်လေး တစ်ယောက်က ပန်းသီးပင်ကြီးဆီ နေ့တိုင်းလာပြီး အပင်ပေါ် တက်၊ အသီးတွေ ခူးစား၊ အပင်ရိပ်အောက်မှာ တရေးတမော အိပ်စက်လေ့ရှိပါတယ်။ သူက ပန်းသီးပင်ကြီးကို ချစ်သလို အပင်ကြီးနဲ့ ကစားရတာကိုလည်း သဘောကျပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း အရွယ်ရောက်လာတော့ ပန်းသီးပင်ကြီးဆီ အရင်လို ပုံမှန်မရောက်ဖြစ်တော့ပါဘူး။

တစ်နေ့တော့ လူငယ်လေးက ဝမ်းနည်းညိုးငယ်စွာနဲ့ ပန်းသီးကြီးဆီ ရောက်လာပါတယ်။
” ကစားရအောင်လေ” လို့ ပန်းသီးပင်ကြီးက ခေါ်ပေမဲ့ လူငယ်လေးကတော့ ” ကလေးမှ မဟုတ်တော့တာဗျာ။ မကစားချင်တော့ဘူး။ ကျွန်တော်က အရုပ်လိုချင်နေတာဗျ။ အရုပ်ဝယ်ဖို့ ပိုက်ဆံလည်း မရှိဘူး” လို့ ပြန်ပြောပါသတဲ့။

” ငါ့မှာလည်း ပိုက်ဆံတော့ မရှိဘူး။ ဒါပေမဲ့ ပန်းသီးတွေကို ခူးရောင်းရင် မင်း ပိုက်ဆံရမှာပေါ့” လို့ ပန်းသီးပင်ကြီးက ပြောတဲ့အခါ လူငယ်လေးက ပန်းသီးတွေအားလုံးခူးပြီး ပျော်ရွှင်စွာ ထွက်သွားခဲ့ပါတယ်။ လူငယ်လေး ထပ်မလာတော့လို့ ပန်းသီးပင်ကြီးကတော့ စိတ်မကောင်းဖြစ်နေတာပေါ့။
အချိန် တော်တော်ကြာတဲ့နောက်မှာတော့ လူငယ်လေးဟာ လူလတ်ပိုင်းအမျိုးသားတစ်ယောက်အဖြစ် ပန်းသီးပင်ကြီးဆီ ရောက်လာပြန်ပါတယ်။ ” ကစားရအောင်လေ” လို့ ပန်းသီးပင်ကြီးက ခေါ်တဲ့အခါ ”ကစားဖို့ အချိန်မရှိပါဘူးဗျာ။ မိသားစုအတွက် အလုပ်လုပ်၊ ငွေရှာရမယ်။ ကျွန်တော်တို့အတွက် အိမ်တစ်လုံး လိုတယ်။ ခင်ဗျား ကူညီပေးနိုင်မလား” လို့ သူက ပြန်ပြောပါတယ်။

” ငါ့မှာ အိမ်တော့ မရှိဘူး။ ဒါပေမဲ့ ငါ့ပင်စည်၊ အကိုင်းအခက်တွေကို ခုတ်လဲပြီး မင်း အိမ်တစ်လုံးတော့ ဆောက်နိုင်ပါရဲ့” လို့ ပန်းသီးပင်ကြီးက ပြောလိုက်တော့အမျိုးသားကလည်း အပင်ကို ခုတ်လှဲပြီး သစ်လုံးတွေကို ပျော်ရွှင်စွာ ယူဆောင်သွားခဲ့ပါတယ်။ ပန်းသီးပင်ကြီးကတော့ အမြစ်ပဲ ကျန်ရှာပါတော့တယ်။

နှစ်ပေါင်းများစွာကြာတဲ့နောက် ပန်းသီးပင်ရဲ့ အမြစ်တွေရှိရာဆီ အဘိုးအိုတစ်ယောက် ရောက်လာပါတယ်။ ” ငါ့မှာ မင်းကို ပေးစရာ ဘာမှ မရှိတော့ဘူး။ ပန်းသီးလည်း မပေးနိုင်တော့ဘူး” လို့ ပန်းသီးပင်ကြီးက ပြောတဲ့အခါ အဘိုးအိုက ” ကျွန်တော့်မှာလည်း ပန်းသီး ဝါးစားစရာ သွားမရှိတော့ပါဘူးဗျာ” လို့ ပြောပါသတဲ့။

” ကျွန်တော့်အတွက် အထွေအထူး ဘာမှ မလိုတော့ပါဘူး။ ဒီနှစ်တွေမှာ ကျွန်တော် ပင်ပန်းနွမ်းနယ်ခဲ့တယ်။ အခုတော့ ကျွန်တော် နောက်ဆုံးခိုနားရာ နေရာလေးတစ်ခုပဲ လိုပါတော့တယ်”လို့ အဘိုးအိုက ဆက်ပြောတယ်။

” ဒါဆိုလည်း ဆွေးမြေ့နေတဲ့ ငါ့ရဲ့အမြစ်တွေက မင်းအတွက် အကောင်းဆုံး ခိုနားရာနေရာ ဖြစ်မှာပါ။ ငါ့အပေါ်မှာ လာလဲလျောင်းလှည့်ပါ” လို့ ပန်းသီးပင်ကြီးက မျက်ရည်စက်လက်နဲ့ ပြောလိုက်ပါသတဲ့။
တကယ်တော့ ပန်းသီးပင်ကြီးဆိုတာ မိဘတွေပါပဲ။ ကျွန်တော်တို့ ငယ်ရွယ်စဉ်အချိန်မှာ မိဘတွေနဲ့ ကစားခဲ့ကြပါတယ်။ ပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ မိဘတွေရင်ခွင်ကို စွန့်ခွာသွားကြပြီး ကိုယ် အလိုရှိတဲ့အချိန်၊ ဒုက္ခရောက်တဲ့အချိန်မှပဲ မိဘဆီ ပြန်ရောက်တတ်ကြတာပါ။ ဒါပေမဲ့ ဘာတွေပဲဖြစ်ပါစေ၊ မိဘတွေကတော့ သားသမီးတွေအတွက် အမြဲအသင့်ရှိနေကြပြီး သားသမီးတွေ ပျော်ရွှင်မယ်ဆိုရင် ဘာမဆိုပေးဆပ်ဖို့ ဝန်မလေးကြပါဘူး။ ဒီပုံပြင်မှာ ကောင်လေးက ပန်းသီးပင်ကြီးအပေါ် ရက်စက်လွန်းသလို သားသမီးတွေကလည်း မိဘတွေကို ဒီလို ဆက်ဆံကြတာများပါတယ်။ မိဘကျေးဇူးကို အချိန်မနှောင်းခင် တန်ဖိုးထားတတ်ကြစေဖို့ ရည်ရွယ်ရင်း . . . .

Ref: The Apple tree and the boy

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top