နေ့တိုင်း စက်ဘီးတစ်စီးနဲ့ မြို့ပတ်ပြီး ပျိုးပင် စိုက်ပျိုးသူ

30.5.2023-yyl-6.jpg

အသက် ၄၀ အရွယ် ခါရှစ် ဂူဟာဆိုသူ အမျိုးသားဟာ ဂူဝါဟာတီမြို့အနှံ့ စက်ဘီးစီးပြီး ပျိုးပင်တစ်ပင် နေ့တိုင်းစိုက်တဲ့ မစ်ရှင်ကို လုပ်ဆောင်နေတာပါ။ မေလ ၂၉ ရက်နေ့အထိ အပင်ပေါင်း ၅၁၄ ပင် စိုက်ပျိုးပြီးသွားခဲ့ပါပြီ။

သူ့ရဲ့မြို့မှာ သစ်ပင်တွေ တဖြည်းဖြည်းပြုန်းတီးတာကို မျက်မြင်တွေ့ခဲ့ရတဲ့ ခါရှစ်က သစ်ပင်ခုတ်လှဲခြင်းရဲ့အကျိုးဆက်ကို လျော့ပါးသက်သာစေဖို့ သူ့နည်းသူ့ဟန်နဲ့ ကူညီပေးချင်ခဲ့တာပါ။ အသက်မွေးဝမ်းကျောင်းအနေနဲ့ Marketing Manager လုပ်နေရပေမဲ့ စက်ဘီးစီးရတာ ဝါသနာပါတဲ့ သူက ပျိုးပင်တစ်ပင်စိုက်ပျိုးဖို့အတွက် တည်နေရာရှာဖို့ မြို့အနှံ့သွားရာမှာ စက်ဘီးအသုံးပြုဖြစ်ခဲ့ပါတယ်။

ဒါကြောင့် သူက နေ့တိုင်း စက်ဘီးစီးပြီး ပျိုးခင်းကနေ ပျိုးပင်ကို ဝယ်ယူပြီးတာနဲ့ သေချာစိုက်ပျိုးလို့ရနိုင်တဲ့ နေရာတစ်နေရာကို လိုက်ရှာပါတယ်။ သူ့ရဲ့မစ်ရှင်မှာ အရင်းအမြစ်အထောက်အပံ့တွေမရှိတဲ့အတွက် ပျိုးပင်တွေရဲ့ပတ်ပတ်လည်မှာ ကာရံတွေထားဖို့တော့ သူ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒေသခံတွေက သူတို့တက်နိုင်သလောက် အပင်တွေကို ဂရုစိုက်ပေးကြပါတယ်။ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကလည်း သူနဲ့အတူ စက်ဘီးလိုက်စီးပြီး စိုက်ပျိုးမယ့်နေရာရှာတာ၊ ပျိုးပင်တွေစိုက်ပျိုးတာတွေ ကူညီပေးကြပါတယ်။

သူ့မစ်ရှင်က နေ့တိုင်း ပျိုးပင်တစ်ပင် စိုက်ပျိုးဖို့ဖြစ်ပေမဲ့ ဒီနေရာမှာတင်ရပ်ထားမှာမဟုတ်ပါဘူး။ ဒေသခံအသိုင်းအဝိုင်းကို စက်ဘီးစီးခြင်းရဲ့ကောင်းကျိုးအကြောင်းလည်း မျှဝေပေးသွားမှာပါ။ လူငယ်တွေ စက်ဘီးစီးရင် ပိုကျန်းမာတဲ့၊ ပိုတက်ကြွတဲ့ မျိုးဆက်တွေ ဖြစ်နိုင်မယ်လို့ သူ ယုံကြည်ထားပါတယ်။

ခါရှစ်က နေရာရှာပြီး ပျိုးပင်စိုက်ပျိုးဖို့အတွက် နေ့တိုင်း စက်ဘီးစီးသွားမှာပါ။ သူ့မစ်ရှင်ကို ပံ့ပိုးပေးချင်တဲ့ သူတွေကလည်း သူနဲ့အတူ ပါဝင်ပြီး ပျိုးပင်တွေ စိုက်ပျိုးလာကြပါတယ်။ “အခု အပင်တွေ မစိုက်ပျိုးရင် အပင်တွေကို မကယ်တင်ရင် အနာဂတ်မှာ ကျွန်တော်တို့တွေ ရေမရှိဘဲ မိုးမရှိဘဲ အလွန်ပူပြင်းတဲ့ရာသီဥတုကို တွေ့ကြုံခံစားရမှာပါ”လို့ ခါရှစ်က ဆိုပါတယ်။

Ref: This Cyclist From Guwahati Plants A Sapling Daily, Marked His 509th Consecutive Day On May 24

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top