ကျောင်းဖွင့်ချိန် ရင်ခုန်သံ

2-6-2020-yyl-059.jpg

ဇွန်လရဲ့ ပထမဆုံးနေ့ မိုးလေးတွေ တဖွဲဖွဲရွာနေပြီဆိုတော့ အဖြူနဲ့အစိမ်းဝတ်ပြီး လွယ်အိတ်လေးလွယ်လို့ ကျောင်းသွားခဲ့တဲ့ ငယ်ဘဝက ပထမဆုံးကျောင်းတက်ချိန်တွေကို ပြန်ပြီး သတိရမိပြန်ပါတယ်။

မြန်မာပြည်က အခြေခံပညာကျောင်းတွေ တပြေးညီ ဖွင့်လှစ်တဲ့ ဇွန် ၁ ရက်နေ့မှာ သူငယ်တန်းကနေ ဆယ်တန်းအထိ (ယခု KG တန်းကနေ ၁၁ တန်းအထိ) အခြေခံအဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ/သားတွေဟာ သူငယ်ချင်းတွေနဲ့အတူ ပြန်လည်ဆုံစည်းရင်း ပညာတွေသင်ကြားပေမယ့် ကျောင်းတော်ကြီးကို စတင်ချီတက်ကြပါပြီ။

အတူတူထိုင်ချင်လို့၊ စောစောသွားနေရာဦးသူတွေရှိသလို အရပ်ရှည်လို့ ဆရာမက နေရာပြန်ချပေးတာကြောင့် ခွဲထိုင်ရသူတွေလည်း ရှိပါတယ်။ အိမ်နီးနားချင်း သူငယ်ချင်းကလွဲရင် သိပ်မတွေ့ဖြစ်တဲ့၊ နယ်တွေက လာတက်တဲ့ သူငယ်ချင်းတွေကိုလည်း စုံစုံလင်လင် ပြန်တွေ့ရတာမို့ ပျော်စရာကောင်းနေပြီး မိဘတွေကလည်း သားသမီးလေးတွေကို ကျောင်းအပ်နှံကြ၊ လိုက်ပို့ကြနဲ့ ကြည်နူးစရာ မြင်ကွင်းတစ်ခုပါပဲ။

သူငယ်တန်း စတက်ကြမယ့် ကလေးတွေကတော့ ငိုတဲ့သူကငိုနဲ့ အော်သူကအော်နဲ့ ရှုပ်ယှက်ခတ်နေတတ်ပါတယ်။ ဆရာ/ဆရာမတွေကလည်း ကျောင်းအပ် လက်ခံတာတွေ မပြီးပြတ်သေးတာကြောင့် အလုပ်ရှုပ်နေတတ်သလို ကျောင်းသားတွေကို နေရာချထားပေးခြင်း ဝါ၊ စိမ်း၊ နီ၊ ပြာ (နောက်ပိုင်းနှစ်များတွင် လိမ္မော်အသင်းပါ ပါဝင်) အသင်းတွေဖွဲ့စည်းဖို့ ပြုလုပ်ကာ နေ့စဉ် ကျောင်းလုပ်ငန်းစဉ်တွေ လုပ်ဖို့ တာဝန်တွေ ခွဲဝေသတ်မှတ်ပေးကြရပါတယ်။

မိုးတဖွဲဖွဲကြားမှာ ထီးမပါလို့ ပြေးတဲ့သူကပြေးရတာတွေ၊ သူငယ်ချင်းနှစ်ယောက် သုံးယောက် ထီးတစ်ချောင်းတည်းအတူဆောင်းခဲ့တာတွေ၊ ကျောင်းဖွင့်စရက် ဖုန်တွေပေနေတဲ့ စာရေးခုံတွေမှာ ခိုချေးတွေလည်း ပေနေလို့ သုတ်ရတာ စတဲ့ ငယ်စဉ် ကျောင်းသားဘဝက ကျောင်းပြန်ဖွင့်တိုင်း ခံစားရတဲ့ ခံစားချက်ဟာ လူတိုင်းအတွက်တော့ မမေ့နိုင်စရာ နေ့တစ်နေ့ပါပဲ။

ကျောင်းတက်ရတာ ကြာလာတဲ့အခါ ကျောင်းပိတ်ချင်တတ်ကြပေမယ့် ကျောင်းပိတ်ထားတာ ကြာလာပြန်ရင်လဲ ကျောင်းဘယ်တော့များ ပြန်ဖွင့်မလဲလို့ ရင်ခုန်နေတတ်ကြပြန်ပါတယ်။ ကျောင်းတက် ခေါင်းလောင်းသံ၊ နိုင်ငံတော်သီချင်းသီဆိုသံ၊ ကျောင်းသီချင်းသီဆိုသံတွေ လွင့်ပျံနေတဲ့ ဇွန်လရဲ့ ပထမဆုံးနေ့လေးမှာ ကျောင်းသား/သူတိုင်း စိတ်လှုပ်ရှားနေကြမှာ သေချာပါတယ်။

ဒီလိုနေ့အတွက် ကျောင်းဝတ်စုံအသစ်တွေ ကြိုချုပ်၊ ပုံနှိပ်အသစ်၊ ဗလာစာအုပ်အသစ်၊ ခဲတံနဲ့ ဘောပင်အသစ်လေးတွေ ကြိုဝယ်လို့ ကျောင်းကြိုအပ်ထားပြီး ရင်ခုန်နေခဲ့ရဖူးပါတယ်။ မနက်ဖြန် ကျောင်းတက်ရတော့မယ်ဆို ဒီနေ့ညဟာ အိပ်မပျော်နိုင်လောက်အောင် စိတ်ကူးယဉ်လို့ကောင်းတဲ့ ထူးခြားတဲ့ ညပဲ ဖြစ်နေတတ်ပါတယ်။

အနာဂတ်ရဲ့ မျိုးဆက်သစ် အခြေခံပညာ ကျောင်းသား/သူလေးတွေရဲ့ အဖြူအစိမ်းဝတ်စုံလေးတွေက မိုးရေစက်တွေအကြားမှာ စိမ်းစိုနေတဲ့ မုတ်သုံမိုးရာသီရဲ့ သစ်ပင်ပန်းမန်တွေနဲ့ အပြိုင် လှပလို့နေပါတယ်။

Cj (ရိုးရာလေး)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top