ကံကောင်းတာလား အကြောင်းတရားတိုက်ဆိုင်တာလား ရေစက်ပါတာလားတော့မသိပါဘူး။ ပင်လယ်ပြင်ထဲမှာ နှစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ကင်မရာတစ်လုံးကို အခုတော့ ပြန်လည်ရှာတွေ့ပြီး ပိုင်ရှင်လက်ထဲ ပေးအပ်လိုက်ပြီဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် ကျောက်တုံးတစ်ခုလိုထင်ရပေမယ့် ဒါဟာကင်မရာဖြစ်ပါတယ်။ ပင်လယ်ထဲက ခရုခွံတွေနဲ့ ရေညှိရေမှော်တွေ ဖုံးလွှမ်းနေရင်းတဲ့ ဒီကင်မရာဟာ ထိုင်ဝမ်ကျွန်းရဲ့ ကမ်းခြေတစ်ခုမှာ လာရောက်သောင်တင်နေခဲ့တာဖြစ်ပါတယ်။ ပျက်စီးမှုမရှိ အကောင်းအတိုင်းရှိနေဆဲဖြစ်နေတာက ပိုအံ့ဩစရာတစ်ခုပါ။
ဒီကင်မရာကို ထိုင်ဝမ်လေ့လာရေးခရီးစဉ်တစ်ခုက ဆရာနဲ့ကျောင်းသားတစ်စုက တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ပိုင်ရှင်ကို လိုက်လံစုံစမ်းပြီး ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ရှာတွေ့သူက အသက်(၁၁)အရွယ် ကျောင်းသားလေးဖြစ်ပြီး မနက်ခင်းကမ်းခြေကို သန့်ရှင်းရေးလုပ်ဖို့ ထွက်လာရင်း တွေ့ရှိခဲ့တာပါ။ ကင်မရာဟာ ပုံမှန်ကောင်းမွန်နေဆဲဖြစ်ပြီး အထဲက ဓာတ်ပုံတွေလည်း ကြည့်နိုင်ပါတယ်။ ဒီဓာတ်ပုံတွေထဲက အချို့နဲ့ ကင်မရာပုံကို အင်တာနက်မှာ ဖြန့်ဝေရင်း ပိုင်ရှင်ကို စုံစမ်းခဲ့တာဖြစ်ပါတယ်။ ပိုင်ရှင်ကတော့ ဆဲရိနစွတ်ဘခိဟရ (Serina Tsubakihara) ဆိုတဲ့ ဂျပန်အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်။ “ကျွန်မသူငယ်ချင်းတွေက အင်တာနက်မှာ သူတို့တင်ထားတဲ့ပုံတွေကို ပြတယ်။ ဒီလိုပြန်ရတာကို ယုံတောင်မယုံနိုင်ပါဘူး” လို့ သူမက ဆိုပါတယ်။
ဆဲရိနဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းစုမှာရှိတဲ့ အိရှိဂခိ(Ishigaki)ကမ်းခြေကို အပန်းဖြေခရီးထွက်စဉ်က ရေငုပ်ရာမှာ ကင်မရာကျကျန်ခဲ့တာဖြစ်ပါတယ်။ ကင်မရာပြုတ်ကျခဲ့တုန်းက ၂၀၁၅ခုနှစ်ဖြစ်ပြီး ဆဲရိနက လုံးဝပျောက်ဆုံးခဲ့ပြီလို့ ထင်ခဲ့ပါတယ်။ ထူးဆန်းစွာနဲ့ပဲ ကင်မရာက မိုင်ပေါင်းများစွာကွာဝေးတဲ့ ထိုင်ဝမ်ကျွန်းဆီ တဖြည်းဖြည်း ရေစီးနဲ့ ပါလာခဲ့ပါတယ်။ သူ့မှာတွယ်ကပ်နေခဲ့တဲ့ ခရုခွံအမာတွေ ထူထပ်တဲ့ရေညှိရေမှော်တွေက သူမပျက်စီးအောင်ကာကွယ်ပေးထားနိုင်ခဲ့သလား အံ့ဩစရာပါ။ ကင်မရာထဲကို ပင်လယ်ရေတစ်စက်တောင် စိမ့်မဝင်ခဲ့ပါဘူးတဲ့။ ကင်မရာဟာ ရှာဖွေတွေ့ရှိခ်ျိန်မှာ ကျောက်တုံးတစ်ခုအလား ထင်မှတ်ရပါတယ်။
ဆဲရိနကတော့ အလွန်ဝမ်းသာပျော်ရွှင်နေပြီး “ ဒါက ကျွန်မဘဝမှာ အကောင်းဆုံးသော မျက်လှည့်ပြကွက် ဖြစ်သလို လူတွေအများကြီးရဲ့ စိတ်ရင်းစေတနာကို ခံစားရတာ အရမ်းကြည်နူးဖို့ကောင်းပါတယ်”လို့ဆိုပါတယ်။ သူမဟာ ဆရာနဲ့ကျောင်းသားလေးတွေကို ကျေးဇူးတင်ကြောင်း စကားပြောချင်လို့ ထိုင်ဝမ်ကျွန်းကို လာမယ့်ဇွန်လမှာ သွားဖို့ပြင်ဆင်နေပါပြီ။
Ref: BBC News:The Incredible Journey of a Camera lost at Sea
Sophia (ရိုးရာလေး)