ကျွမ်းကျင်ပညာရှင်ရဲ့အဆိုအရ သွားနဲ့ခံတွင်းပြဿနာတွေဖြစ်နိုင်ခြေလျှော့ချပေးနိုင်တဲ့ အစားအစာ (၂) မျိုး

24-2-2022-yyl15.jpg

သွားနဲ့ ခံတွင်းကျန်းမာရေးကလည်း လျစ်လျူမရှုထားဘဲ အမြဲဂရုစိုက်ပေးရမယ့် အရာတွေထဲ ပါဝင်ပါတယ်။ ခံတွင်းသန့်ရှင်းမှုမရတာက သွားအခေါင်းပေါက်ဖြစ်ခြင်း၊ သွားယိုယွင်းပျက်စီးခြင်းနဲ့ သွားဖုံးရောင်ရမ်းခြင်းတွေကို ဖြစ်စေရုံသမာက နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။ သွားယိုယွင်းပျက်စီးတာကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းက သွားနဲ့သွားဖုံးတွေကို တက်နိုင်သလောက် ကျန်းမာအောင် ထိန်းသိမ်းဖို့ပါပဲ။

ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းဖို့ တစ်နေ့ကို နှစ်ကြိမ် သွားတိုက်တာနဲ့ သွားပွတ်ကြိုးတိုက်တာတွေက အခြေခံအဆင့်တွေပါ။ သင် စားတဲ့အစားအစာတွေကလည်း သင့်သွားတွေ တောက်ပြောင်သန်စွမ်းစေဖို့ အကူအညီပေးနိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တစ်ဉီးရဲ့ အဆိုအရ အစားအစာ (၂) မျိုးက သွားနဲ့ခံတွင်းဆိုင်ရာပြဿနာတွေကို လျှော့ချပေးဖို့ ကူညီနိုင်တယ်လို့ သိရပါတယ်။

(၁)ခံတွင်းကျန်းမာရေးအတွက် ချောကလက်

UK က သွားနဲ့ခံတွင်းအထူးကုဆရာဝန် ဒေါက်တာ ကာလက်တ် ကာဆမ် (Khaled Kasem) က တချို့အစားအစာတွေက သွားချေးတွေဖယ်ရှားဖို့နဲ့ သွားဖုံး ကျန်းမာဖို့ အကူအညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ချောကလက်က သွားကျန်းမာစေဖို့ အကူအညီပေးနိုင်တဲ့ အစားအစာတွေထဲက တစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။ ချောကလက်မှာ သွားနဲ့ခံတွင်းပြဿနာတွေကို ကာကွယ်ပေးနိုင်တဲ့ ပြင်းထန်တဲ့ ဘက်တီးရီးယားဆန့်ကျင်တဲ့ဓာတ်တွေပါဝင်ပါတယ်။ ဒါပေမဲ့ ချောကလက်ကို အများကြီး စားသင့်တယ်လို့တော့ မဆိုလိုပါဘူး။ တစ်နေ့ကို ချောကလက်နည်းနည်းပါးပါးစားပေးခြင်းဖြင့် သွားကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်။

(၂) နို့ထွက်ထုတ်ကုန်ပစ္စည်းတွေ

ကျွမ်းကျင်ပညာရှင်ပြောထားတဲ့ ဒုတိယအစားအစာကတော့ ကယ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ နို့ထွက်ထုတ်ကုန်ပစ္စည်းတွေပါပဲ။ တစ်နေ့တာအစားအစာမှာ နို့ထွက်ထုတ်ကုန်အစားအစားပါဝင်တာက သွားတွေကို သန်မာဖြူဖွေးအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နို့ထွက်ထုတ်ကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ ကယ်စီယမ်နဲ့ ဖောစဖော့ရက်စ်က သင့်သွားတွေကို လုံလောက်တဲ့အာဟာရဓာတ်တွေပေးပြီး သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပြန်တည်ဆောက်ပေးပါတယ်။

(၃) ဒီအစားအစာ (၂) မျိုးအပြင် နောက်ထပ်အစားအစာတွေ

နို့ထွက်ထုတ်ကုန်နဲ့ ချောကလက်တွေက ဒေါက်တာ ကာဆမ်ရဲ့ ထိပ်ဆုံးရွေးချယ်မှု ၂ ခု ဖြစ်ပေမဲ့ ဘယ်ရီနဲ့ အသီးအနှံတွေကလည်း ခံတွင်းကျန်းမာရေးထိန်းသိမ်းဖို့ ကြိုးစားနေတဲ့သူတွေအတွက် ကောင်းတယ်လို့ သူက ပြောပါတယ်။ စတော်ဘယ်ရီ၊ ပန်းသီးနဲ့ ဘလူးဘယ်ရီတွေက အာဟာရဓာတ်ကြွယ်ဝပြီး သွားချေးကို သန့်စင်သွားစေမယ့် အမျှင်ဓာတ်လည်း ကြွယ်ဝကာ သွားခေါင်းပေါက်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒီအသီးအနှံတွေကို စားတဲ့အခါ သင့်ပါးစပ်က သွားရဲ့အကာအကွယ်တစ်ခုဖြစ်တဲ့ တံတွေးတွေ ပိုမိုထုတ်လုပ်ပေးပြီး သွားချေးတွေကို ဖယ်ရှားပေးပါတယ်။ ဒီအသီးအနှံတွေမှာ သကြားပါဝင်မှု နည်းပါးတဲ့အတွက် စားသုံးရမယ့် ပမာဏအတွက် စိုးရိမ်စရာမလိုပါဘူး။

(၄) သွားတွေကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေ

တချို့အစားအစာတွေက ခံတွင်းကျန်းမာရေးကောင်းစေဖို့အတွက် ကူညီပေးသလို တချို့ကတော့ ခံတွင်းကျန်းမာရေးကို ပိုဆိုးရွားသွားစေနိုင်ပါတယ်။ သင်က သွားနဲ့ခံတွင်းပြဿနာရှိနေတယ်ဆိုရင် အဲဒီအစားအစာတွေကို ရှောင်တာ အကောင်းဆုံးပါပဲ။ အများကြီးစားသုံးရင် သင့်ရဲ့ခံတွင်းကျန်းမာရေးအတွက် မကောင်းတဲ့အစားအစာတွေကတော့

အချဉ်ဓာတ်ပါတဲ့ အသီးအနှံ
ကော်ဖီ
သကြားလုံး
အချဉ်ဖောက်ထားတဲ့ အစားအစာ၊ ဆားရည်စိမ်ထားတဲ့အစားအစာ
အချိုရည်
ဝိုင်

(၅) ခံတွင်းကျန်းမာရေးကို ဂရုစိုက်ရမယ့် နည်းလမ်း

သင့်ရဲ့သွားနဲ့သွားဖုံးတွေကို နေ့တိုင်း နည်းနည်းဂရုစိုက်ပေးတာနဲ့ ကျန်းမာစေနိုင်ပါတယ်။ သင် လုပ်ဖို့ လိုတာကတော့
ဆေးလိပ်ဖြတ်ပါ
အရက်ရှောင်ပါ
သွားကို နှစ်ကြိမ်တိုက်ပါ
အစာစားပြီးတိုင်း သွားပွတ်ကြိုးနဲ့တိုက်ပေးပါ
လျှာကို ခြစ်ထုတ်ပေးပါ
Oil Pulling (ဆီနဲ့ ပလုတ်ကျင်းခြင်း) လုပ်ပေးပါ။

Ref: Oral health: Eat these TWO foods to keep your teeth clean and healthy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top