မှတ်ဉာဏ်တုနည်းပညာသုံးပြီး ဖူးစာဖက်ရှာပေးဖို့ ဂျပန်အစိုးရက ရန်ပုံငွေ ထောက်ပံ့မယ်

8-12-2020-yyl-005.jpg

ဂျပန်ပြည်သူတွေ အိမ်ထောင်ဖက်ရှာဖွေပြီး ကလေးမွေးဖွားနှုန်း တစ်ကျော့ပြန် မြင့်တက်လာအောင် ကူညီပံ့ပိုးဖို့အတွက် ဂျပန်အစိုးရက မှတ်ဉာဏ်တုနည်းပညာ ဖူးစာရှင်ရှာဖွေရေး စီမံကိန်းကို ရန်ပုံငွေထောက်ပံ့ဖို့ စီစဉ်နေပါတယ်။ လာမယ့်နှစ်က စပြီး မှတ်ဉာဏ်တုနည်းပညာ ဖူးစာရှင်ရှာဖွေရေး စီမံကိန်း စတင်အကောင်အထည်ဖော်နေတဲ့ ဒေသခံအစိုးရအဖွဲ့တွေကို ဗဟိုအစိုးရက ရန်ပုံငွေ ယန်း ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၉ သန်း) ထောက်ပံ့ပေးမှာပါ။

ပြီးခဲ့တဲ့နှစ်မှာ ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းက ၈၆၅၀၀၀ အောက် ရောက်ရှိခဲ့ပြီး စံချိန်တင် နည်းပါးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ကလေးမွေးဖွားနှုန်း အနည်းဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေတဲ့ အခြေအနေကို ပြင်ဆင်ပြောင်းလဲနိုင်ဖို့ နည်းလမ်းရှာဖွေနေတာ အချိန်တော်တော်ကြာပါပြီ။ မှတ်ဉာဏ်တုနည်းပညာအသုံးပြုမှုကတော့ အခုနောက်ဆုံး ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ဒေသတော်တော်များများမှာတော့ ဖူးစာရှင် ရှာဖွေပေးတဲ့ ဝန်ဆောင်မှု ပေးနေကြပါတယ်။ တချို့ကတော့ အသေးစိတ်အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာရာမှာ စေ့စပ်သေချာမှု ပိုအားကောင်းစေဖို့ မှတ်ဉာဏ်တုနည်းပညာကို အသုံးပြုကြပါတယ်။ လက်ရှိအသုံးပြုနေတဲ့ စနစ်တချို့ကတော့ ဝင်ငွေ၊ အသက် စတဲ့ အချက်တွေကိုပဲ အဓိကထားပြီး ကိုက်ညီမှုရှိမှ ဖူးစာရှင်အဖြစ် တွဲဖက်ပေးတာပါ။

ဖူးစာရှင်ရှာဖွေပေးရာမှာ ဝါသနာ၊ တန်ဖိုးထားတဲ့အရာ စတဲ့ အချက်တွေကိုပါ ထည့်သွင်းတွက်ချက်နိုင်မယ့် နည်းပညာမြင့် စနစ်ဖော်ဆောင်နိုင်ဖို့အတွက် ဗဟိုအစိုးရက ရန်ပုံငွေထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၁၇ ခုနှစ်မှာ လူဦးရေအများဆုံးဖြစ်ခဲ့ပြီး လူဦးရေ ၁၂၈ သန်း ရှိခဲ့ပေမဲ့ ဒီရာစုနှစ်အကုန်မှာတော့ ၅၃ သန်းနီးပါး ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။


ဂျပန်အစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်ကြားကာလအတွင်း ဂျပန်နိုင်ငံမှာ အိမ်ထောင်ပြုတဲ့ အရေအတွက် ၂၀၀၀၀၀ အထိ ကျဆင်းသွားတယ်လို့ တွေ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ ဥပဒေပြုသူတွေဟာ ကျဆင်းလာတဲ့ အလုပ်သမားအင်အားစုကို ကြီးမြင့်လာတဲ့ လူနေမှုစရိတ်နဲ့ ကိုက်ညီမှုရှိအောင် ကြိုးပမ်းနေကြပါတယ်။

Ref: BBC & Reuters

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top