သူ့ရဲ့မိသားစုကို ဒေါ်လာသန်း၃၀ ထီဆုကြီးပေါက်တာလျှို့ဝှက်ထားချင်လို့ အရုပ်ဝတ်စုံကြီးဝတ်ပြီး ဆုငွေယူခဲ့သူ

31-10-2022-yyl-15.jpg

ဘယ်သူမဆို ထီဆုကြီးပေါက်တယ်ဆိုတာ သိတာနဲ့ ဝမ်းသာလွန်းလို့ မိသားစုကို အရင်ဆုံးပြောဖြစ်ကြတာပါ။ တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ သူ့မိသားစုကို သူ ဒေါ်လာ သန်း၃၀ ထီဆုကြီးပေါက်တယ်ဆိုတာ အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ပါတယ်။ ထီဆုကြီးပေါက်တယ်ဆိုတာ သိရင် သူ့မိသားစုက ဘာအလုပ်မှမလုပ်ဘဲ မကြိုးစားဘဲ နေမှာ၊ အခြားသူတွေအပေါ်လည်း အထင်မြင်သေးတာ၊ ဘဝင်မြင့်တာတွေဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။ သူ့ကို လီ (နာမည်လွှဲ) လို့သာ သိရပါတယ်။

သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် သူဟာ ကာတွန်းအရုပ်ဝတ်စုံကြီးဝတ်ဆင်ပြီး သူ့ရဲ့ဆုငွေကို လက်ခံခဲ့တာပါ။ ကာတွန်းအရုပ်ဝတ်စုံကို ဝတ်ဆင်တာက သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် ထီကံထူးရှင်တွေကြားရေပန်းစားတဲ့နည်းလမ်းတစ်ခုပါပဲ။ လီက နံပါတ်တူ ၇ လုံးနဲ့ ထီအစောင်ရေ (၄၀) ဝယ်ယူခဲ့တာပါ။ အဲဒီနံပါတ် ၇ လုံးက ထီဆုကြီး‌ပေါက်တဲ့ နံပါတ်တွေဖြစ်ခဲ့ပါတယ်။ ထီ (၁) စောင်ချင်းစီကို ဆုငွေ ယွမ် ၅.၄၈ သန်း ဖြစ်တဲ့အတွက် ထီအစောင်ရေ (၄၀) ဆိုတော့ ထီဆုငွေက စုစုပေါင်း ယွမ် ၂၁၉ သန်း (ဒေါ်လာ သန်း ၃၀) ဖြစ်ပါတယ်။

လီက ထီဆုငွေထဲက ယွမ် ၅ သန်းကို ပရဟိတဆီ လှူဒါန်းခဲ့ပေမဲ့ သူ့မိသားစုကိုတော့ လျှို့ဝှက်ထားမှာပါ။ ယွမ် ၅ သန်းကို ပရဟိတဆီလှူဒါန်းပြီးတဲ့နောက်၊ ယွမ် ၄၃ သန်း အခွန်ဆောင်ပြီးနောက် သူ့မှာ ယွမ် ၁၇၁ သန်း ကျန်တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ လီက အောက်တိုဘာ ၂၁ ရက်နေ့မှာ ထီပေါက်တယ်ဆိုတာ သိပေမဲ့ အောက်တိုဘာ ၂၄ ရက်နေ့အထိ ထီဆုငွေကို လာမထုတ်ခဲ့ပါဘူး။

လီက အဲဒီဆုငွေတွေကို ဘယ်လိုသုံးရမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ သူ့ဇနီးကို ပြောမပြပေမဲ့ တရုတ်ဥပဒေအရ ဒီဆုငွေတွေက သူ့ဇနီးနဲ့အတူ ပူးတွဲပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ လီက ဇနီးဖြစ်သူကို အသိမပေးတဲ့အတွက် တရုတ်အိမ်ထောင်ရေးဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref: TheMirror “£26million lottery winner keeps jackpot secret – even from his wife and children”

NZ ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top