အလိမ်ပေါ်မှာစိုးရိမ်ပြီး မိဘ၊ ဇနီး၊ သားသမီးတွေကိုသတ်ခဲ့သူ ထောင်မှပြန်လွတ်လာ

66293225_2464426016921637_8178402078511595520_n.jpg

လိမ်ထားတဲ့ကိစ္စတွေပေါ်မှာ စိုးရိမ်ပြီး ဇနီး၊ သားသမီးတွေနဲ့ မိဘတွေကိုပါ သတ်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားဟာ ပြစ်ဒဏ်စေ့လို့ ထောင်က ပြန်လွတ်လာခဲ့ပါပြီ။ ယန်းကလုရိုမန်ဟာ လူသတ်မှုမကျူးလွန်ခင်ကတော့ ဆေးကျောင်းသားတစ်ဦးပါ။ စံပြကျောင်းသားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ယန်းကလုရိုမန်ဟာ ၁၉၇၄ ခုနှစ်က ပထမနှစ် စာမေးပွဲဖြေဆိုဖို့ လိုင်ယွန်မြို့ ဆေးကျောင်းကို ရောက်မလာခဲ့ပါဘူး။ သူဟာ နောက်ထပ် (၁၂) နှစ်လုံးလုံး စာမေးပွဲမဖြေခဲ့ဘဲ ပထမနှစ် ဆေးကျောင်းသားဘဝနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။

ဒါပေမဲ့ ယန်းကလုရိုမန်ဟာ ဆေးဘက်ဆိုင်ရာ လေ့လာမှုတွေလုပ်နေတယ်လို့ လိမ်ပြောခဲ့ပြီး နောက်ဆုံး ဆရာဝန်ဖြစ်နေပြီလို့တောင် လိမ်ညာခဲ့ပါတယ်။ သူ့ကိုယ်သူ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှာ အလုပ်ရနေပြီလို့ ဟန်ဆောင်ခဲ့ပါတယ်။ သူဟာ ဆွစ်ဇာလန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ပေးမယ်ဆိုပြီး မိသားစုရဲ့ ရင်းနှီးသူတွေထံကနေ ငွေလိမ်ယူခဲ့ပါတယ်။ တကယ်တော့ သူဟာ ပြင်သစ်-ဆွစ်ဇာလန်နယ်စပ်မှာ ကားပတ်မောင်းရင်း အချိန်ဖြုန်းခဲ့တာပါ။ ၁၉၈၀ ပြည့်နှစ်မှာတော့ သူ့ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး ကလေး (၂) ယောက်ရခဲ့ပါတယ်။ တစ်ခါတလေမှာ ယန်းကလုရိုမန်က ပြည်ပခရီးသွားမယ်ဆိုပြီး ယာဉ်ရပ်နားလို့ရတဲ့နေရာတွေမှာ ရက်တော်တော်ကြာ နေလေ့ရှိပါတယ်။

နောက်ပိုင်းမှာတော့ သူတို့မိသားစုရဲ့ မိတ်ဆွေတစ်ယောက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ဝန်ထမ်းစာရင်းမှာ ယန်းကလုရိုမန်ရဲ့ နာမည်မတွေ့လို့ သံသယဝင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီလမှာတော့ သူ့အကြောင်းတွေ ပေါ်ကုန်မှာစိုးလို့ ဇနီးကို ဂျုံလိမ့်တဲ့တုတ်နဲ့ ရိုက်သတ်ပြီး (၇) နှစ်အရွယ် သမီးနဲ့ (၅) နှစ်အရွယ် သားကို ရိုင်ဖယ်သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ယန်းကလုရိုမန်က မိုင် (၅၀) အကွာ ခရီးနှင်ပြီး မိဘနှစ်ပါးကို သွားသတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိမ်ပြန်လာခဲ့တဲ့ ယန်းကလုရိုမန်ဟာ အိပ်ဆေးတွေသောက်ပြီး သူ့အိမ်ကို မီးနဲ့ရှို့ခဲ့ပါတယ်။

ဒါပေမဲ့ မီးသတ်သမားတွေက သူ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုမှာ အသက်မသေခဲ့တဲ့ ယန်းကလုရိုမန်ဟာ သူ့အပြစ်တွေကို ဝန်ခံခဲ့ပြီး ထောင်ဒဏ် (၂၆) နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်သူစာရင်းဝင်ခဲ့တဲ့ ယန်းကလုရိုမန်ကို ပြီးခဲ့တဲ့ဧပြီလမှာ ထောင်က ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ယန်းကလုရိုမန်အကြောင်း ရေးသားထားတဲ့ L’Adversaire (The Adversary)စာအုပ်ဟာ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ L’Emploi du Temps (Time Out) ဇာတ်ကားကလည်း သူ့ဖြစ်ရပ်ကို ပုံဖော်ထားတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top