ပရိယာယ်ဆင်တဲ့ခြင်္သေ့အိုနဲ့ပါးနပ်တဲ့မြေခွေး

23_fox_and_old_lion.jpg

တစ်ခါက ခြင်္သေ့အိုကြီးတစ်ကောင်ဟာ အသက်အရွယ်အိုမင်းလာတာကြောင့် သားကောင်ရှာဖွေရာမှာ အခက်အခဲဖြစ်လာပါတယ်။ ” ငါ အရင်လိုမျိုး သားကောင်တွေကို လျင်လျင်မြန်မြန်နဲ့မဖမ်းယူနိင်တော့ဘူး။ ဒီတော့ နေ့စဉ်ဝမ်းရေးအတွက် တစ်ခုခုလုပ်မှဖြစ်တော့မယ်”လို့တွေးမိပြီး အကြံတစ်ခုရလိုက်ပါတယ်။

အဲဒီနောက် ခြင်္သေ့အိုကြီးက ကျောက်ဂူကြီးတစ်ခုထဲကိုဝင်သွားပြီး ဂူထဲရောက်တဲ့အခါမှာတော့ နေမကောင်းချင်ယောင်ဆောင်ပြီး ဟန်ဆောင်လှဲနေလိုက်ပါတယ်။ ဒီလိုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဂူပေါက်ဝကနေ အထဲကိုဝင်ရောက်လာတဲ့ သားကောင်မှန်သမျှကို ခြင်္သေ့အိုကြီးဟာ အလွယ်တကူဖမ်းယူစားသောက်နေပါတော့တယ်။

တစ်နေ့မှာ မြေခွေးတစ်ကောင်က ဂူပေါက်ဝကိုရောက်လာပါတယ်။ ဂူထဲက ခြင်္သေ့အိုကြီးရဲ့ ဟန်ဆောင်ညည်းညူသံကိုကြားလိုက်ရတဲ့အခါ မြေခွေးက “အို ခြင်္သေ့ကြီး နေမကောင်းဘူးလား” လို့ ဂူပေါက်ဝကနေ လှမ်းမေးလိုက်ပါတယ်။ ဒီအခါ ခြင်္သေ့အိုကြီးက “ဟုတ်ပါတယ် မြေခွေး။ ငါ နေမကောင်းဖြစ်နေတာအတော်ကြာပြီ။ ဂူထဲကိုဝင်လာပြီး ကူညီနိုင်သလောက် ကူညီပေးပါဦး။ ငါမင်းကို အန္တရာယ်မပေးပါဘူး” လို့လှမ်းပြောလိုက်ပါတယ်။

ဒီအခါ မြေခွေးလည်း အနည်းငယ်စဉ်းစားလိုက်ပြီး အခုလိုပြန်ပြောလိုက်ပါတယ်။ “အဆွေ ခြင်္သေ့ ဂူထဲကိုဝင်လာပြီး သင့်ကိုတတ်နိင်သလောက် ကျုပ်ကူညီပေးချင်ပါတယ်။ ဒါပေမဲ့ မဝင်ရဲပါဘူး။ ဘာလို့လည်းဆိုတော့ ဂူပေါက်ဝမှာမြင်ရတဲ့ ခြေရာတွေက ဂူထဲကိုဝင်သွားတဲ့ခြေရာတွေပဲတွေ့ရပြီး ပြန်ထွက်လာတဲ့ ခြေရာတွေကိုမတွေ့ရဘူး။ ကျုပ်လည်း ဂူထဲကိုဝင်လိုက်မယ်ဆိုရင် ကျုပ်အတွက် အပြန်လမ်းရှိတော့မှာမဟုတ်ဘူး။ ကျုပ်က ဒီလောက်ထိ မရူးမိုက်သေးပါဘူး။ သွားခွင့်ပြုပါဦး” လို့ပြောပြီး ဂူပေါက်ဝကနေ လှည့်ထွက်လာခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့အသိကတော့ ဘယ်အရာကိုမဆို မစူးမစမ်း မဆင်မခြင်ဘဲ အလွယ်တကူယုံလွယ်လိုက်မယ်ဆိုရင် ထောင်ချောက်ထဲကို အလွယ်တကူကျရောက်သွားနိင်ပါတယ်။ ဘယ်ကိစ္စအတွက်မဆို ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုရင် မျက်စိနှစ်လုံး နားနှစ်ဖက်ကိုဖွင့်ထားပါ။ အတွေးတွေကို ဖြန့်ကျက်ထားပြီး အကျိုးကြောင်းဆီလျော်မှု ရှိ မရှိကို အရင်ဦးဆုံး လေ့လာသုံးသပ်သင့်ပါတယ်။

Ref: “The Old Lion and The Fox”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top