အမှုအခင်းများစွာကူညီဖြေရှင်းပေးခဲ့တဲ့ မှုခင်းပုံတူဆွဲပညာရှင် အမျိုးသမီး

yyl-008-1.jpg

အမှုအခင်းတွေမှာ မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေကို မှတ်သားရင်း ပုံဖော်ရေးဆွဲရတဲ့ အလုပ်ဟာ လွယ်မယောင်နဲ့ ခက်ခဲပါတယ်။ အခုခေတ်မှာ အလိုလျောက်ရေးဆွဲပုံဖော်နိုင်တဲ့ နည်းပညာများစွာ ပေါ်ပေါက်လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော အသေးစိတ်ပုံဖော်နိုင်မှုစွမ်းရည်တွေဟာ လူသားတွေ လုပ်နိုင်သလို လုပ်နိုင်ဖို့  လိုပါသေးတယ်။ ဒီလိုအမှုကိစ္စတွေမှာဆိုရင် လူသားပညာရှင်တွေရဲ့ အကူအညီကို ယူကိုယူရပါတယ်။

လူးဝစ်စ်ဂစ်ဘ်ဆန်(Lois Gibson)ဟာ ထူးချွန်တဲ့ မှုခင်းပုံတူဆွဲပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ မျက်မြင်သက်သေတွေပြောပြသမျှ အချက်အလက်တွေအပေါ်မူတည်ပြီး ရာဇဝတ်ကောင်များကို ပုံဖော်ရေးဆွဲရပါတယ်။ တစ်ခါတစ်ရံမှာ တရားခံဖြစ်နိုင်ချေရှိသူတွေ အထူးသဖြင့် အရေးကြီးတဲ့ တရားခံပြေးလိုမျိုးတွေကို ရဲတွေအတွက် အနီးစပ်ဆုံး ပုံဖော်ရေးဆွဲပေးနိုင်သူဖြစ်ပါတယ်။ လူးဝစ်စ်ဟာ ခေသူတစ်ဦးတော့ မဟုတ်ပါဘူး။ သူမဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခံရတဲ့ ပညာရှင်ဖြစ်ပြီး အရေးကြီးတဲ့အမှုတော်တော်များများကို သူမအကူအညီနဲ့ တရားခံတွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူမဟာ အသက် ၂၁နှစ်အရွယ်မှာ လော့အိန်ဂျလိစ် (Los Angeles)မှာ နေထိုင်ခဲ့စဉ်က အနိုင်ကျင့် အသတ်ခံရလုနီးပါးဖြစ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်ခံရမှုဟာ သူမဘဝကို လုံးဝပြောင်းလဲသွားစေပါတယ်။ အဲ့ဒီအဖြစ်အပျက်နောက်ပိုင်းမှာ မှုခင်းပညာရှင်တစ်ယောက်ဖြစ်ဖို့က သူမရဲ့ ပြင်းရှတဲ့ စိတ်ကူးအိမ်မက်တစ်ခုဖြစ်လာပါတယ်။ အစပိုင်းတုန်းက သူမဟာ မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ အနုပညာဘွဲ့ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ၂၀၁၂ခုနှစ်ကစပြီး အခုအချိန်ထိ သူမအလုပ်လုပ်နေတဲ့ ဟောက်စတန်(Houston)ရဲဌာနအတွက် အမှုအခင်းပေါင်း ၁၂၆၆ခုကို ကူညီဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

၁၉၅ဝခုနှစ်မှာမွေးဖွားခဲ့ပြီး အခုအခါမှာ အသက်၇ဝနီးပါးရှိနေပြီသလို အမေရိကရဲ့ အလိုအရှိဆုံးတရားခံများကို ပုံဖော်ရေးဆွဲပေးတဲ့ နေရာမှာလည်း ပါဝင်ခဲ့ပါတယ်။ ပထမဆုံးနဲ့နောက်ဆုံးပုံနှစ်ပုံဟာ သူမရဲ့လက်ရာတွေဖြစ်ပြီး အဲ့ဒီအမှုနှစ်မှုလုံးကို ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ သူမဟာ Faces of Evil ဆိုတဲ့စာအုပ်ကို ဒင်နီဖရန်စစ်မိုင်လစ်စ်(Deanie Francis Millis)နဲ့အတူ ပေါင်းစပ်ရေးသားခဲ့ပါတယ်။ ဒါ့အပြင် Forensic art essentials ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားပြုစုခဲ့ပါတယ်။

Ref: BBC: The World’s Top Police Sketch Artist

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top