ကလေးငယ်ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးမယ့် နည်းလမ်း(၉)သွယ်

yyl-007.jpg

ကလေးငယ်ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုမှာ မိဘတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ကလေးဘဝကာလများမှာ စာဖတ်ပြောခြင်း၊ စကားပြောဆိုခြင်းများဟာ ဝေါဟာရ ပိုမိုကြွယ်ဝပြီး သဒ္ဒါတတ်ကျွမ်းမှု ပိုမိုကောင်းမွန်တယ်လို့ လေ့လာမှုတွေက သက်သေပြထားပါတယ်။ ဒါကြောင့်မို့ ကလေးငယ်ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုစုပျိုးထောင်ပေးဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ စကားပြောပါ။

တစ်နေ့တာမှာ ဖြစ်ပျက်နေတာတွေကို ထုတ်ဖော်ပြောဆိုပေးပါ။ ဥပမာအနေနဲ့ပြောရရင် “မေမေတို့ ရေသွားချိုးကြမယ်နော်။ ရေနွေးနွေးလေး ထိကြည့်ပါဦး။ ပြီးရင် အဝတ်အစားလဲပြီး လမ်းလျှောက်ထွက်ကြမယ်” စတဲ့ စကားလေးတွေ ကလေးငယ်ကို ပြောဆိုပေးဖို့ပါပဲ။

၂။ စာဖတ်ပြပါ။

ကလေးငယ်ကို စာဖတ်ပြပေးဖို့ အရမ်းစောသေးတယ်ဆိုတာမျိုး လုံးဝမရှိပါဘူး။ မိဘတွေရဲ့ အချိန်ကာလ အချို့ကို ကလေးငယ်များကို စာဖတ်ပြရင်း အသုံးပြုပေးသင့်ပါတယ်။ ရိုးရှင်းတဲ့ ကလေးစာအုပ် စာကြောင်းတိုလေးတွေကနေ စတင်ဖတ်ပြပေးနိုင်ပါတယ်။ ကလေးငယ်ကြီးလာတာနဲ့အမျှ ရုပ်ပုံစာအုပ်လေးတွေ၊ ပိုရှည်လျားတဲ့ ပုံပြင်ဇာတ်လမ်းလေးတွေ စသဖြင့် ဖတ်ပြပေးနိုင်ပါတယ်။

၃။ တေးသီချင်းကို အတူတူခံစားပါ။

ကလေးငယ်လေးတွေဟာ တေးဂီတနဲ့ လှုပ်ရှားမှုလေးတွေကို နှစ်သက်မြတ်နိုးကြပါတယ်။ မြူးကြွတဲ့ တေးသီချင်းကဗျာလေးတွေကို ကလေးငယ်လေးတွေ နားထောင်နေတယ်ဆိုတာ ကမ္ဘာလောကအကြောင်းနဲ့ ဘာသာစကားရဲ့ စည်းချက်မှန်မှန်လှုပ်ရှားမှုတွေကို သင်ယူနေတာပဲဖြစ်ပါတယ်။

၄။ ပုံပြင်များပြောပြပါ။

ဇာတ်ကောင်လေးတွေ၊ စွန့်စားမှုတွေနဲ့ ပျော်ရွှင်ဖွယ်အဆုံးသတ်လေးတွေ ပါဝင်တဲ့ ပုံပြင်လေးတွေကို လှပစွာ ဖန်တီးပြောဆိုပေးပါ။ အရေးကြီးတာတစ်ခုကတော့ ကလေးငယ်စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ ပုံပြင်လေးတွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

၅။ ကလေးငယ်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါ။

တကယ်လို့ ကလေးငယ်လေးက စာအုပ်တစ်အုပ်ထဲက ရုပ်ပုံတစ်ခုကို စိတ်ဝင်စားတယ်ဆိုရင် သူ့ကို ဒီရုပ်ပုံအကြောင်း ဆက်ပြောပါစေ။ ကလေးငယ်က လှေတစ်စီးကို စိတ်ဝင်စားရင် သူ့ကို လှေတွေထပ်ပြပြီး အဲဒီလှေအကြောင်းကိုလည်း ပြောပေးပါ။ မေးခွန်းလေးတွေ မေးပြီး ကလေးငယ်နဲ့အတူ အပြန်အလှန် စကားပြောဆိုပါ။ အသံသွင်းထားပြီး ပြန်လည်ဖွင့်ပြခြင်းမျိုးတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

၆။ ကလေးငယ်ရဲ့ စိတ်ခံစားချက် ဒါမှမဟုတ် စကားပြောပုံစံတွေကို ဘယ်တော့မှ အကဲမဖြတ်ပါနဲ့။

ကလေးငယ်ရဲ့ ပြောဆိုမှုတွေကို အသံထွက်အမှန် ဒါမှမဟုတ် အသုံးအနှုန်းအမှန်တွေနဲ့ ပြုပြင်ပေးမဲ့အစား သူ့ရဲ့အားထုတ်မှုအတွက် ချီးကျူးပြောဆိုပေးပါ။

၇။ တီဗီနှင့် ကွန်ပျူတာများကို လျှော့ပေါ့ အသုံးပြုပါ။

အသက် နှစ်နှစ်အောက် ကလေးငယ်များကို တီဗီလုံးဝ မကြည့်သင့်ကြောင့်နဲ့ ၂နှစ်နဲ့အထက် ကလေးငယ်များကို တီဗီကြည့်ချိန် ၂နာရီထက် မပိုသင့်ကြောင်း အမေရိကန် ကလေးဆေးပညာအကယ်ဒမီက အကြံပြုထားပါတယ်။ အချို့သော ပညာပေးအစီအစဉ်များဟာ ကလေးတွေအတွက် အကျိုးပြုစေနိုင်ပြီး တီဗီရှိုးတွေက ကလေးတွေနဲ့ အပြန်အလှန်တုံ့ပြန်တာမျိုးမရှိပါဘူး။ ကွန်ပျူတာဂိမ်းတွေက အပြန်အလှန်တုံ့ပြန်မှုရှိပေမဲ့ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ဖွံ့ဖြိုးမှုမရှိစေပါဘူး။

၈။ နားရောဂါကူးစက်မှုကို သေချာ ကုသပါ။

ကလေးငယ်များကို အုပ်စုလိုက် ပြုစုစောင့်ရှောက်ခြင်းအခြေအနေများဟာ နားရောဂါကူးစက်မှုကို ပိုပြီးဖြစ်လွယ်ပါတယ်။ ဒီရောဂါဟာ အကြားအာရုံကို ဆုံးရှုံးစေနိုင်ပြီး အကျိုးဆက်အနေနဲ့ ဘာသာစကား တတ်မြောက်မှု နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဒီကူးစက်မှုကို ကုသဖို့ ဆရာဝန်က ပဋိဇီဝဆေးတိုက်ကျွေးဖို့ ညွှန်ကြားခဲ့ရင် ဆေးခွက်မှန်ကန်စွာ သောက်သုံးခြင်းနဲ့ ညွှန်ကြားထားတဲ့အချိန် သောက်သုံးခြင်းကို သေချာစွာ ဆောင်ရွက်သင့်ပါတယ်။ ဆေးညွှန်းအတိုင်း သောက်သုံးပြီးပြီဆိုရင်တော့ ကူးစက်မှု အရှင်းပျောက်ကင်းသလား သေချာအောင် ဆရာဝန်နဲ့ ထပ်မံပြသင့်ပါတယ်။

၉။ အပြင်သွားပါ။

တိရစ္ဆာန်ရုံ၊ ငါးပြတိုက်တို့လို နေရာမျိုးတွေကို သွားပြီး ကလေးအတွက် ကမ္ဘာလောကအသစ်တစ်ခုကို ဖွင့်လှစ်ပြသပါ။ ဒီလိုဆိုရင် ကလေးငယ်လေးဟာ စိတ်ဝင်စားစရာကောင်းတဲ့ အကောင်လေးတွေရဲ့ နာမည်တွေနဲ့ ပျော်ရွှင်ဖွယ် လှုပ်ရှားဆောင်ရွက်မှုတွေကို သင်ယူချင်စိတ်ရှိလာပါလိမ့်မယ်။

Ref : Knowledge : 9 Ways to Help Your Child’s Language Development

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top