ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ရေခဲမှတ်အောက် အပူချိန်မှာ သိုလှောင်ထားရဖွယ်ရှိပါတယ်။ အထူးသဖြင့်တော့ Pfizer ကာကွယ်ဆေးပါ။ အပူချိန် (-၇၀) ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်ထားရမယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ကျေးလက်ဒေသမှာပါ အခက်အခဲကြုံရနိုင်တဲ့ အချက်ပါ။ ကမ္ဘာတစ်ဝန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးရေးလုပ်ငန်းစဉ်မှာ အပူချိန်ထိန်းညှိပို့ဆောင်ရေးကွင်းဆက် ( Cold Chain)က အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ကာကွယ်ဆေး ဦးစားပေးထိုးရမယ့် လူဦးရေကို ဆုံးဖြတ်ဖို့၊ ဘယ်သူတွေက ဘယ်ကာကွယ်ဆေးကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ထိုးကြမလဲဆိုတဲ့ အချက်အလက်တွေကလည်း စိန်ခေါ်မှုတွေပါပဲ။
ကာကွယ်ဆေးတွေက ဘေးဥပဒ်မရှိဘူးဆိုတာ လူတွေ ယုံကြည်လာအောင်လုပ်ဖို့ အစိုးရအဖွဲ့တွေက လူထုအသိပေးရေးလှုပ်ရှားမှုတွေ လုပ်ရဦးမှာပါ။ ကာကွယ်ဆေးတွေကို ထုတ်လုပ်ရာစက်ရုံကနေ ထိုးနှံခံမယ့်သူဆီ ရောက်အောင် ပို့ဆောင်ပေးဖို့၊ သိုလှောင်ထားဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ကာကွယ်ဆေးအများစုက ၂ ကြိမ်ထိုးရမှာဖြစ်လို့ ကွင်းဆက်တစ်ခုလုံးရဲ့လိုအပ်ချက်တွေကလည်း ရက်သတ္တပတ်တွေအတွင်း ၂ ကျော့ ထပ်ကြုံရသလို ဖြစ်နေမှာပါ။
Pfizer ကာကွယ်ဆေးကို ပို့ဆောင်တဲ့အခါ အပူချိန် (-၇၀) ဒီဂရီဆဲလ်စီးယက်မှာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ အဲဒီပမာဏဟာ လက်ရှိအသုံးပြုနေတဲ့ တခြားကာကွယ်ဆေးတွေရဲ့ အပူချိန်ပမာဏထက် (-၅၀)ဒီဂရီဆဲလ်စီးယက် ပိုများပါတယ်။ Moderna ကာကွယ်ဆေးက ဆေးဆိုင်တွေမှာ ရှိတတ်တဲ့ freezer ထဲမှာ ထည့်ထားလို့ရပြီး ရေခဲသေတ္တာထဲမှာ ရက် ၃၀ ကြာ သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်မှာ ထုတ်လုပ်နိုင်မယ့်
Moderna ကာကွယ်ဆေးပမာဏက Pfizer ကာကွယ်ဆေးထက် နည်းဖွယ်ရှိပါတယ်။ တတိယအဆင့် စမ်းသပ်ထိုးနှံမှုရလဒ်တွေအရ Pfizer နဲ့ Moderna ကာကွယ်ဆေး ၂ မျိုးလုံးက ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီရလဒ်တွေကို စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေက စိစစ်သုံးသပ်ရခြင်းမရှိသေးပါဘူး။
Pfizer ကာကွယ်ဆေးကို အခန်းအပူချိန်လောက်မှာ တင်ပို့နိုင်လောက်အောင် လုပ်ဆောင်နေပြီး ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ (သိုလှောင်ထိန်းသိမ်းရမယ့် အပူချိန်ပမာဏအရ) တခြားကာကွယ်ဆေးတွေနဲ့ နှိုင်းယှဉ်လောက်တဲ့ ကာကွယ်ဆေး ထွက်လာမယ်လို့ ယုံကြည်ထားကြောင်း Pfizer ကာကွယ်ဆေးကို ပူးပေါင်းထုတ်လုပ်တဲ့ BioNTech ဇီဝနည်းပညာကုမ္ပဏီ အမှုဆောင်ချုပ် ဆာဟင်က ပြောပါတယ်။ ဒါပေမဲ့ ဒေသန္တာရ ကျန်းမာရေးပညာရှင်နဲ့ ကာကွယ်ဆေးထိုးရမယ့် အခြေအနေမျိုးမှာ Moderna ကာကွယ်ဆေးက ပိုသင့်တော်ပြီး Pfizer ကာကွယ်ဆေးကတော့ အဖွဲ့အစည်းအလိုက် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုတွေအတွက် ပိုသင့်တော်တယ်လို့ အမေရိကန်ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာန ဝန်ကြီး အဲလက်စ်အဇာက ပြောပါတယ်။
လာမယ့်နှစ်မှာ Pfizer ကာကွယ်ဆေး ၁.၃ ဘီလျံအထိ ဖြန့်ဖြူးဖို့ စီစဉ်နေတဲ့အတွက် ရေခဲခြောက် ( အပူချိန် -၇၈ ဒီဂရီဆဲလ်စီးယက်မှာ အခဲပုံသဏ္ဍာန်ဖြစ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်) အများအပြားနဲ့ အပူချိန်ထိန်းနိုင်တဲ့ ပုံးတော်တော်များများ လိုအပ်နေပါတယ်။ အပူချိန်ထိန်းနိုင်တဲ့ ပုံးတစ်ပုံးထဲမှာ ဆေးအဖုံ (၄၈၇၅) ပါဝင်တဲ့ ဆေးပုလင်း (၉၇၅)ပုလင်း ထည့်သွင်းနိုင်ပြီး ၁၅ ရက်ကြာ သိုလှောင်ဖို့အတွက် ရေခဲခြောက်တွေကို အသစ် ပြန်လဲပေးရမှာပါ။
Pfizer က သူတို့ရဲ့ကာကွယ်ဆေးကို ဖြန့်ဖြူးဖို့ အမေရိကန်ပြည်နယ် ၄ ခုမှာ စမ်းသပ်နေပြီး Cold Chain လိုအပ်ချက်တွေအတွက် လုံးဝစိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလို ကာကွယ်ဆေးမျိုးကို တင်ပို့မှုတွေလုပ်မယ်ဆိုရင်တော့ စိန်ခေါ်မှုကြီးပါတယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံရဲ့ မြို့ပြမဆို၊ ကျေးလက်မဆို လက်ရှိအချိန်မှာ ဒီကာကွယ်ဆေးကို စီမံခန့်ခွဲဖို့ အသင့်မဖြစ်သေးဘူးလို့ Pan American Health Organization အဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဘာဘိုဆာက ပြောပါတယ်။
အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏက တစ်နေ့ကို တန်ချိန် ၃၀၀၀၀ လောက် ရှိပြီး ရေခဲခြောက် ဝယ်လိုအားမြင့်တက်လာတာကို ကာမိနိုင်တယ်လို့ Compressed Gas Association က ပြောပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ယာဉ်အသွားအလာ နည်းပါးသွားပြီး အီသနော ထုတ်လွှတ်မှု ကျဆင်းသွားလို့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်နိုင်မယ့် ပမာဏအပေါ် သက်ရောက်မှုရှိစေမှာပါ။ အမေရိကန်အရာရှိတွေကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပို့ဆောင်ဖြန့်ဖြူးဖို့အတွက် ရေခဲခြောက်ပမာဏ လုံလုံလောက်လောက် ရလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
ဒါပေမဲ့ ရေခဲခြောက်ဆိုတာ တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိတဲ့ ပစ္စည်းမဟုတ်သလို အထိန်းအသိမ်းမတတ်နိုင်ရင်လည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အလုံပိတ်နေရာတွေမှာ အန္တရာယ် ပိုဖြစ်စေနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့ကလည်း ရေခဲခြောက်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားပါတယ်။ လေယာဉ်ပေါ်မှာလည်း ရေခဲခြောက်တင်ဆောင်နိုင်တဲ့ ပမာဏကို ကန့်သတ်ထားပြီး ကီလိုဂရမ် ၅၀၀ ကနေ ၁၀၀၀ အထိပဲ တင်ဆောင်ခွင့်ရှိပါတယ်။
သတ်မှတ်အပူချိန်အတိုင်း သယ်ဆောင်ရမယ့် ကာကွယ်ဆေးတွေကို အမေရိကန်နိုင်ငံအတွင်း ဖြန့်ဖြူးတာထက်စာရင် ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေကို ဖြန့်ဖြူးဖို့က ပိုကြီးမားတဲ့ ပြဿနာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လမ်းပန်းဆက်သွယ်မှုတွေ နှောင့်နှေးပြီး ကျန်းမာရေးအဆောက်အအုံတွေမှာလည်း ပစ္စည်းကိရိယာ မစုံလင်ပါဘူး။ ဒီလိုနိုင်ငံတွေမှာ ရေခဲခြောက်ပမာဏ တော်တော်များများ ပို့ဆောင်ဖို့ ကုန်ကျစရိတ်နဲ့ အန္တရာယ်ဖြစ်လာနိုင်ခြေကလည်း အတားအဆီးအဟန့်အတား ဖြစ်စေပါတယ်။ အာဖရိကနဲ့ အိန္ဒိယနိုင်ငံတွေမှာ Cold chain အခြေခံအဆောက်အအုံတွေ မရှိပါဘူး။ ပီရူးနိုင်ငံက Pfizer ကာကွယ်ဆေးမှာယူထားပြီး လီမာမြို့မှာ ထိုးနှံဖို့ လွယ်ကူပေမယ့် ပီရူးနိုင်ငံရဲ့ တခြားဒေသတွေမှာတော့ သယ်ယူပို့ဆောင်ဖို့ မလွယ်ကူတဲ့အတွက် အပူချိန် ၂ ဒီဂရီကနေ ၈ ဒီဂရီဆဲလ်စီးယက်ကြား သိုလှောင်နိုင်ပြီး စီမံခန့်ခွဲဖို့ ပိုလွယ်ကူတဲ့ တရုတ်ကုမ္ပဏီထုတ် CoronaVac ဆေးဝါးလို ဆေးဝါးမျိုးကို ထိုးနှံရဖို့ ရှိတယ်လို့ ပီရူးနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစီမံကိန်းမှာ ပါဝင်ဆောင်ရွက်နေသူ မာလာဂါက ပြောပါတယ်။
ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ထုတ်လုပ်မယ့် Pfizer ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးဖို့အတွက် နေ့စဉ်နေ့တိုင်း ကုန်တင်လေကြောင်းခရီးစဉ် ၂၀ ပြေးဆွဲရဖွယ်ရှိတယ်လို့ Pfizer ကုမ္ပဏီက ပြောပါတယ်။ DHL ကုမ္ပဏီကတော့ လာမယ့် ၂ နှစ်အတွင်း ကာကွယ်ဆေးတွေ ဖြန့်ဖြူးဖို့အတွက် လေကြောင်းခရီးစဉ် ၁၅၀၀၀ မှာ တင်ဆောင်ဖို့ အပူချိန်ထိန်းညှိပေးတဲ့ အအေးခံသေတ္တာ ၁၅ သန်း လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေတွေအရတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အတည်ပြုချက် ရရှိရင်တောင် ဖြန့်ဖြူးမှုအပိုင်းမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေပါသေးတယ်။
CNN သတငျးဌာန၏ The world’s now scrambling for dry ice. It’s just one headache in getting coronavirus vaccines where they need to go ဆောငျးပါးကို ကောကျနုတျပွနျဆိုသညျ။
Nz (ရိုးရာလေး)